တရုတ်နယ်ချဲ့ဝါဒကြောင့် အင်ဒို-ပစိဖိတ်ဒေသတွင် ပဋိပက္ခများ ပိုမိုဖြစ်ပေါ်လာနိုင်

တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်ရေတပ်မှ တပ်သားများ စစ်ရေးလေ့ကျင့်နေပုံ။

The Hongkong Post

မြေယာအငြင်းပွားမှုများနှင့် ပတ်သက်၍ လက်နက်ကိုင် ပဋိပက္ခများ အကြီးအကျယ်ဖြစ်ပွားပြီးနောက် ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ရန် နိုင်ငံတကာက တောင်းဆိုနေချိန်တွင် တရုတ်က အိန္ဒိယ၏ အာရူနာချယ်ပြည်နယ်ကို တောင်းဆိုနေခြင်းက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် သတင်းကောင်း မဟုတ်ပေ။

နျူကလီးယားလက်နက်နိုင်ငံနှစ်နိုင်ငံအကြား ပဋိပက္ခများတိုးလာပါက တရုတ်၏ ရန်လိုမှုကြောင့် အခက်ကြုံ နေသည့် အင်ဒို-ပစိဖိတ်ဒေသအတွက် ဘေးဥပဒ်ဖြစ်စေနိုင်သည်။

ရုရှား-ယူကရိန်းစစ်ပွဲ၊ အာမေးနီးယား-အဇာဘိုင်ဂျန်နယ်စပ်အကျပ်အတည်းနှင့် မကြာသေးမီက အစ္စရေး- ဟားမတ်စ်တို့ ထိပ်တိုက်တွေ့ဆုံမှုများသည် ကမ္ဘာကို တုန်လှုပ်စေခဲ့ပြီး ယင်းတိုက်ပွဲများသည် ဒုတိယကမ္ဘာ စစ်ကြီးကဲ့သို့ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်ပြီး တတိယကမ္ဘာစစ်ကို ရှောင်ရှား လိုပါက ဝင်မပါရန် ကမ္ဘာကို သတိပေးခဲ့သည်။ ထူးခြားသည်က တရုတ်က မကြာသေးမီက ယင်း၏ စံမြေပုံသစ် တွင် ရုရှားကျွန်းကို ယင်း၏ ပိုင်နက်အဖြစ် ဖော်ပြထားသည်။

တရုတ်က နယ်စပ်နှင့် နယ်မြေအငြင်းပွားမှုများတွင် ရန်လိုသည့်လှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် တောင်းဆိုခံ ထားရသော်လည်း အိမ်နီးချင်းအများစုနှင့် နယ်နိမိတ်နှင့် မြေယာအငြင်းပွားမှုများ ပိုမိုဆိုးရွားလာနေသည်။

တောင်တရုတ်ပင်လယ်ဒေသတွင် ဂျပန်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့အပါအဝင် နိုင်ငံအများအပြားပိုင်ဆိုင်သည့် ကျွန်းများနှင့် ရေကြောင်းပိုင်နက်များကို ပိုင်ဆိုင်ကြောင်း တရုတ်က ပြောကြားပြီး စစ်ရေးအရ ရန်လိုကြောင်း ဖော်ပြနေသည်။

နောက်ဆုံးနယ်နိမိတ်ပြဿနာမှာ တရုတ်က အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ် အာရူနာချယ်ပြည်နယ်ကို “တရုတ်ရပိုင်ခွင့်နယ်မြေ” ဟု ဖော်ပြခဲ့သည်။ အိန္ဒိယက အာရူနာ ချယ်ပြည်နယ်ကို ယင်း၏ အဓိကကျပြီး ခွဲထွက်၍မရသော အစိတ်အပိုင်းဟု တုံ့ပြန်ခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က တရုတ်က အာရူနာချယ်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများတွင် ကာကွယ်ရေးရွာများ ထူထောင်ခဲ့သည်။ ထိုကြောင့် အိန္ဒိယက ပြင်းပြင်းထန်ထန် တုံ့ပြန်ပါက ပဋိပက္ခများ ဦးတည်စေပြီး နိုင်ငံကြီးများ၏ ဝင်ရောက်စွက်ဖက်မှုကို တွန်းအားပေးနိုင်သည်။ အမေရိကန်က တရုတ်၏ အာရူနာချယ်ပြည်နယ်နှင့် ပတ်သက်၍ ပြောကြားချက်များကို ပြစ်တင်ဝေဖန်ခဲ့သည်။

စင်ကာပူအခြေစိုက် အက်ရာဂျရာနမ်နိုင်ငံတကာလေ့လာရေးကျောင်းမှ အကြီးတန်းလေ့လာသုံးသပ်သူ နီရှန်ရီက တရုတ်နယ်စပ်တွင် စစ်ရေးတိုးချဲ့မှုနှင့် အရပ်ဘက်-စစ်ဘက်ဆိုင်ရာ ပေါင်းစပ်မူဝါဒကြောင့် အိန္ဒိယက ခိုင်မာအားကောင်းသော ဟန့်တားမှုစနစ်ကို တည်ဆောက်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

“နျူကလီးယားအသုံးပြုမှုဟာ မဖြစ်နိုင်ပေမယ့် နယ်စပ်တစ်လျှောက် တင်းမာမှုတွေက အန္တရာယ်ရှိတဲ့ အကျပ် အတည်းကို ဖြစ်စေနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်က ဂျပန်ပိုင်နက်ကို ကျူးကျော်ရန် ခြိမ်းခြောက်မှုများ ပြုလုပ်နေချိန်တွင် ဂျပန်သည် စစ်အင်အား တိုးချဲ့မှု စတင်နေပြီ ဖြစ်သည်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးအစီရင်ခံစာတွင် တရုတ်စစ်တပ်၏ ရန်စမှုသည် နိုင်ငံတကာအသိုက်အဝန်းအတွက် အလေးအနက်စိုးရိမ်စရာကိစ္စဖြစ်သည်ဟု ဖော်ပြခဲ့သည်။

တရုတ်၏ စစ်ရေးအင်အားပြမှုများသည် အိန္ဒိယနှင့် စစ်ပွဲများ ဖြစ်ပေါ်စေနိုင်သည့်အပြင် တရုတ်ပင်လယ်ဒေသ တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်ဟု ဘာလင်အခြေစိုက် ရောဘတ်ဘွတ်ချ်အဖွဲ့မှ သုတေသီ ဘရာဟန် ချီလာနီက ပြောကြားခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသတွင်း ပိုင်နက်နယ်မြေနှင့် ရေကြောင်းပိုင်နက်အခြေအနေကို တရုတ်က ပြောင်းလဲရန် ကြိုးပမ်းမှုကြောင့် ဒေသတွင်း အိမ်နီးချင်းများနှင့် တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ၎င်းက ပြောကြား ခဲ့သည်။

“မကြာသေးမီက တရုတ်ရဲ့ နယ်ချဲ့မှုက ပိုမိုဆိုးရွားလာပါတယ်။” ဟု ၎င်းက ပြောကြားခဲ့သည်။