မာရသွန်ကမ္ဘာ့စံချိန်တင်ထားသူ ကစ်တမ် ယာဉ်မတော်တဆမှုကြောင့် သေဆုံး

Photos: EPA

By PKThawn

မာရသွန်ကမ္ဘာ့စံချိန်ရှင် ကယ်လ်ဗင် ကစ်တမ်ဟာ ယာဉ်မတော်တဆမှုကြောင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့က သေဆုံးခဲ့ပါတယ်။ ကင်ညာတာဝေးအပြေးသမား သေဆုံးချိန်မှာ အသက် ၂၄ နှစ်သာ ရှိနေသေးတာပါ။

ကစ်တမ်ဟာ ဖေဖော်ဝါရီ ၁၁ ရက် ဒေသစံတော်ချိန် တနင်္ဂနွေည ၁၁ နာရီ (2000 GMT) ဝန်းကျင်မှာ ကင်ညာနိုင်ငံအနောက်ပိုင်း Rift Valley ရှိ ကပ်တဂတ်ကနေ အယ်ဒါရက်ကို မောင်းနှင်လာစဉ် လမ်းပေါ်မှ ကွေ့ဆင်းသွားခဲ့ပြီး သစ်ပင်ကို ဝင်တိုက်မိတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ ကလေးနှစ်ယောက်ဖခင်ဖြစ်သူ ကစ်တမ်နဲ့ သူ့ရဲ့ နည်းပြဖြစ်သူ ရဝမ်ဒါ ဂျာဗစ် ဟာကီဇီမာနာတို့ သေဆုံးခဲ့ပြီး လိုက်ပါလာတဲ့ ခရီးသည်အမျိုးသမီးတဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

“သူဟာ ကားကို ထိန်းမရဖြစ်ခဲ့ပြီး လမ်းဘေးဝဲယာက မြောင်းထဲကို ကွေ့ချိုးသွားခဲ့တယ်။ သစ်ပင်ကြီးတပင်ကို ဝင်မတိုက်ခင် မီတာ ၆၀ လောက် လမ်းဘေးမြောင်းထဲမှာ မောင်းချခဲ့တာပါ”လို့ အခင်းဖြစ်ပွားတဲ့နေရာရှိ Elgeyo Marakwet ကောင်တီမှ တာဝန်ရှိ ရဲတဦးက ပြောပါတယ်။

ကစ်တမ်နဲ့ ဟာကီဇီမာနာတို့နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ခရီးသည် ရှာရွန် ချီဗ်ကူယူရီ ကို့စ်ဂီမှာမူ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရတယ်လို့ ၎င်းက ပြောပါတယ်။

ယာဉ်အပျက်အစီးတွေ၊ လေကာမှန်တွေ ကွဲအက်ပြီး ကားခေါင်မိုးနဲ့ တံခါးတွေ ခေါက်ကျိုးတွန့်လိမ်ကာ ပြုတ်ကျလုနီးပါးဖြစ်နေပုံတွေကို ကင်ညာမီဒီယာက ဖော်ပြခဲ့ပါတယ်။

ကစ်တမ်ဟာ ၂၀၂၃ အောက်တိုဘာလက ချီကာဂို မရာသွန်ပြိုင်ပွဲမှာ နှစ်နာရီ၊ ၃၅ စက္ကန့်ဖြင့် ကမ္ဘာ့စံချိန်သစ်ရေးထိုးနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ ၂၀၂၂ ဘာလင်မာရသွန်ပြိုင်ပွဲမှာ တနိုင်ငံတည်းသား ကစ်ချော့ချ်တင်ရှိထားတဲ့ နှစ်နာရီ၊ တမိနစ်၊ ၀၉ စက္ကန့်စံချိန်ထက် ၃၄ စက္ကန့် အသာဖြင့် ကမ္ဘာ့စံချိန်သစ်တင်ခဲ့တာပါ။

အဲဒီအချိန်က သူဟာ ၂၃ နှစ်သာရှိသေးပြီး သူ့ရဲ့ တတိယမြောက် မာရသွန်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ကစ်တမ်ဟာ ၂၀၂၂ ဗလင်စီယာမှာ သူ့ရဲ့ပွဲဦးထွက်နဲ့ နောက်တနှစ် လန်ဒန်တို့မှာ အောင်မြင်မှု နှစ်ကြိမ်ရယူခဲ့ပါတယ်။

ကစ်ချော့ချ်က သူရဲ့စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ “တက်သစ်စကြယ်ပွင့်” သေဆုံးမှုအတွက် သူ့အနေနဲ့ “အလွန်ဝမ်းနည်းမိတယ်”လို့ ပြောပါတယ်။

“မယုံကြည်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေရယူဖို့ သူ့ရှေ့မှာ တဘဝလုံးစာ အခွင့်အရေးများစွာရှိနေတဲ့ အားကစားသမားတဦး”လို့ ကစ်ချော့ချ်က လူမှုကွန်ရက် X ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကစ်တမ်ဟာ ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ ကစ်ချော့ချ်နဲ့အတူ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။

ကင်ညာသမ္မတ ဝီလျံ ရူတိုက “မာရသွန်စံချိန်ကို ရယူဖို့ အတားအဆီးတွေကို ချိုးဖျက်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးအားကစားသမားများထဲက တဦး”အဖြစ် ကစ်တမ်ကို ဖော်ပြခဲ့ပါတယ်။

“ထူးခြားတဲ့ အားကစားသမားတယောက်ဟာ ကမ္ဘာပေါ်မှာ ထူးခြားတဲ့ အမှတ်အသားတခု ချန်ထားခဲ့တယ်”လို့ သူက X မှာ ပြောပါတယ်။

Ref; AFP