နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၃၁ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း လောင်းကစား၊မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတွေလျော့ချရေး စီမံချက်ဖြင့် ဆောင်ရွက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန ၊ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ လက်အောက်တွင်ရှိသည့် ဒေါနစစ်ကြောင်းဟာ ရေးမြို့နယ်ကနေ တနင်္သာရီ တိုင်း အထိ စစ်ကြောင်းဖြန့်ကျက်ပြီး အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးကို စိုးမိုး ထိန်းချုပ်ရေး နှင့် ရန်သူစစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်အောင် ကြိုးစားနေတယ်လို့ ပြည်သူ့စစ်ရုံးချုပ်က အသိပေးထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမှတ်(၁)ရဲစခန်းတွင် နိုင်ငံရေးအကျဉ်းသားနှစ်ဦး ရိုက်နှက်ခံရပြီး တဦး သေဆုံးကာ တဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီ က မတ်လ ၃၀ရက်နေ့တွင်ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၉၇ရက်မြောက်နေ့ အဖြစ် ယင်းမာပင်မြောက်ခြမ်း ကျေးရွာများသပိတ်စစ်ကြောင်းနှင့်ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ”တော်လှန်ရေးသွေးမအေး တောင်ပုသွေး ” သပိတ်စစ် ကြောင်းသည် ကျောင်းသားပြည်သူလူထုနှင့်အတူ အကြမ်းဖက်စစ်အုပ်စု၏ မတရားသည့် စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်းကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြသည်။

မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာကို စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်​သော​ကြောင့် ပြည်သူ(၄)ဦးထိခိုက်ဒဏ်ရာရပြီး ၊ကလေးတစ်ဦးအသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် စစ်ကောင်စီအတွက် စစ်သား သစ်စုရန် လုပ်ပေးနေသည့် ရာအိမ်မှူးနှင့်ပျူစောထီးအပါအဝင်(၃)ဦးအား PDF များက ဖမ်းဆီး သွားကြောင်း ဒေသခံများက ပြောသည်။

ချင်းပြည်နယ် နှင့် ယောဒေသသို့ စစ်အင်အားဖြည့်တင်းရန် ပခုက္ကူမြို့မှထွက်ခွာလာသော စစ်ကောင်စီတပ်ယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ ကိုးရက်အတွင်း ၈၀ဦးထက်မနည်းသေဆုံးသွားပြီး ယာဉ်တန်း ရှေ့မတိုးနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များ ကပြောသည်။

တောင်ကိုရီးယားနိုင်ငံ၊အူဆန်မြို့တွင် MFDMC ပြည်ပထောက်ပို့ ဥက္ကဌ ကိုဇော်မိုးအောင် ၊တော်လှန်ရေး တက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းတို့ဦးဆောင်ကာ ကိုရီးယားမြန်မာပူးပေါင်း ဆန္ဒပြပွဲကျင်း ပခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့တွင်းအထိ ဝင်ရောက်ပြီး စစ်တပ်အတွက် ရိက္ခာ၊ လက်နက် ခဲယမ်းများကို သယ်ပို့ပေးနေသည့် စက်လှေတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

ကနေဒါနိုင်ငံ Vancouver မြို့တွင် Artists’ Shelter က စီစဉ်သည့် “သတ္တိနဲ့ပွင့်လန်း ချစ်သော ပန်းများ” ရုပ်ရှင်ဇာတ်လမ်းတို ၄ ကားတွဲကို ပြသခဲ့ပြီး ပရိသတ် ၁၀၀ ကျော် တက်ရောက်ခဲ့ကာ တော်လှန်ရေးရန်ပုံငွေ ကနေဒီယန် ဒေါ်လာ ၄၅၀၀ ကျော်ရရှိခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် YDF သည် စတင် တည်ထောင်ချိန် ကနေ ယခုအချိန်အထိ တိုက်ပွဲပေါင်း ၁၃၆ ပွဲ ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီး တပ်ဖွဲ့ဝင်ပေါင်း ၆၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း YDF တပ်ဖွဲ့ဝင်များဆီက သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်နှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် ပူးပေါင်းတပ်များက မတ်လ ၃၀ ရက် နေ့တွင် ထပ်မံသိမ်းယူလိုက်နိုင်သည်ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်အပြောအရသိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် မတ်လ ၇ရက်မှ စတင်သည့် စစ်ဆင်ရေး သည် မတ်လ ၃၁ရက်နေ့ မနက်ပိုင်းအထိ စစ်ကောင်စီတပ်စခန်း အကြီးအ​သေး( ၆၀ )ဝန်းကျင်ကို သိမ်းပိုက်ရရှိထားကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။

မွန်လူမျိုးနှင့် ဒေသတွင်းနေထိုင်ကြသည့် ပြည်သူများကို အကာအကွယ်ပေးနိုင်ရေးနှင့် မွန်လူမျိုး များ၏ ကြမ္မာကို မွန်လူမျိုးများဖန်တီးနိုင်ရေး အတွက် အဆုံးတိုင် တိုက်ပွဲဝင်သွား မည်ဖြစ်ပြီး မွန်လူမျိုးများအနေဖြင့် ဝမ်းနည်းပူဆွေးနာကျည်းမှုကို ခွန်အားအဖြစ်ပြောင်းလဲပြီး စုပေါင်းအင် အားဖြင့် အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနိုင်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) ကထုတ်ပြန်ထားသည်။

စစ်ကောင်စီ

နိုင်ငံရေးအရ အနောက်နိုင်ငံများမှ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများစွာ ပြုလုပ်ခဲ့ သဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းရငွေများ သုံးစွဲ၍ မရသော်လည်း နိုင်ငံ့စီးပွားရေး တိုးတက်အောင် လုပ်နိုင်ခဲ့သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲတွေကြောင့် မြန်မာစစ်ကောင်စီ တပ်သား (၃) ဦးသည် မတ်လ ၃၀ ရက် နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြထားသည်။

နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို ချေးငွေ ထုတ်ချေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ရွှေဈေး၊ ငွေဈေးများ ဈေးကစား နေသူများကို ရရှိထားသည့် သတင်းအချက်အလက် အထောက် အထားများအရ စုံစမ်းစစ်ဆေး နေပြီဖြစ်၍ အရေးယူဆောင်ရွက်မှုများကိုလည်း ထပ်မံ ထုတ်ပြန်သွား မည်ဖြစ်ကြောင်း ဗဟိုဘဏ်က မတ်လ ၃၀ ရက်တွင် ထုတ်ပြန်သည်။

ဟိုပုံးမြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုးပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့၌ တိုက်ပွဲဖော်ဆောင်နေသော သူများအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေး သတင်းများတွင် ဖော်ပြထားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Novosibirsk မြို့၌ ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom မှ တာဝန်ရှိသူများနှင့်အတူ မတ် ၂၉ ရက် နံနက်ပိုင်းတွင် Novosibirsk State Technical University နှင့် Nuclear Energy Information Center တို့သို့ သွားရောက်ကြည့်ရှုလေ့လာ ကြကြောင်း သတင်းထုတ်ပြန်သည်။

မတ် ၃၁ သုံးသပ်ချက်

စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးအဖွဲ့သည် ဆန္ဒပြပွဲအတုအယောင်များ ပြုလုပ်ကာ သတင်းအမှား ဖြန့်ချိ၍ ဝါဒဖြန့်မှု အကြီးအကျယ်လုပ်ဆောင်နေသော်လည်း ပြည်သူကို အမြဲတမ်းလိမ်လည်ကာ ဖိနှိပ်မှုများ ပြုလုပ်လေ့ရှိသည့် စစ်အုပ်စုကို မည်သည့် ပြည်သူတစ်ဦးတစ်ယောက်မျှ ယုံကြည် ခြင်းမရှိသည်ကို တွေ့ရသည်။