ရွှေဘိုတွင် စစ်ကောင်စီတပ်ဖွဲ့ရှိရာ နေရာကိုကာကွယ်ရေးအဖွဲ့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့ခြမ်း ကုလားမလက်ကောက်ကျ ကျေးရွာအနီးရှိ ကောင်ပေါ်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသားအဖွဲ့က သတင်းထုတ်ပြန်သည်။

“အဓိကကတော့ သူတို့ဘန်ကာတွေနဲ့ သူတို့နေတဲ့အဆောင်တွေပေါ်ကို ကြဲချခဲ့တာ။ နှစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရတယ်။ ကျန်တဲ့ဟာတော့ နောက်ထပ် မသိဘူး“ ဟု နယ်စည်းမခြားရွှေဘိုသားအဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ဒရုန်းဖြင့် ဗုံးသီးကိုးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ခဲ့သည်ဟု ၎င်းကပြောသည်။

တောင်ပေါ်တောင် အထိုင်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၄၀ ခန့်ရှိပြီး လက်နက်ကြီးများတပ်ဆင်ကာ ပြည်သူများနေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း ဗိုလ်မိုက်ခဲ ကဆိုသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဘက်လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ကြောင်း နယ်စည်းမခြားရွှေဘိုသားအဖွဲ့က သတင်းထုတ်ပြန်သည်။

ယခုတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား(Local pdf) fixwingsdrone တပ်ဖွဲ့နှင့်အတူ နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ရွှေဘိုသခင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ရွှေဘိုခရိုင် တပ်ရင်းအမှတ် (၁၅) ကြောင်လက်သည်း(ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့မှ ညီနောင်များက အတူပူးပေါင်းလက်တွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ