လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ် မှုများကြောင့် ကျိုက်မရော ဒေသခံ ၃ ဦးသေဆုံး

ဓမ္မသကျေးရွာမီးလောင်မှုအတွင်း သေဆုံးခဲ့သူ(ဓါတ်ပုံ- CJ)

ဂျူချန်း

(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံသုံးဦး သေဆုံးသွားသည်ဟု ဒေသခံနှင့် ကူညီပေးနေသူထံက သိရသည်။

ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ မီးလောင်ဗုံးများဖြင့် ပစ်ခတ်သွားသည့် မတ်လ ၂၇ ရက်နေ့တွင် အမျိုးသားတဦး မီးလောင်သေဆုံးခဲ့သည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူထံမှ သိရသည်။

“မီးလောင်တုန်းက အိမ်မှာ ပစ္စည်းတွေပြန်ယူရင်း မီးကကြီးတော့ ပြန်ထွက်မရဘဲ မီးထဲပိတ်မိသွားတာထင်တယ်။ သူ့မှာ သားသမီး သုံးယောက်ရှိတယ်။ မိသားစုတွေလည်း ဟိုပြေးဒီပြေးနဲ့ဆိုတော့ သူ့မိသားစုနဲ့ အဆက်အသွယ်မရသေးဘူး” ဟု ၎င်းကပြောသည်။

ယင်းမီးလောင်မှုအတွင်း အသက် ၅၀ ဝန်းကျင်အရွယ် ဦးဝင်းဆိုသူ သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို မတ်လ ၃၁ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရဲစခန်းကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လူနေအိမ်အများအပြား ပျက်စီးခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။

မတ်လ ၃၀ ရက်နေ့တွင်လည်း ကျိုက်မရောမြို့နယ်အတွင်းရှိ သံကလောင်ကျေးရွာမှ အသက် ၆၀ ဝန်းကျင်အရွယ် နိုင်ကရမ်းဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးသွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်ဟု ဆိုသည်။

လက်နက်ကြီးကျ၍သေဆုံးခဲ့ရသူ။(ဓါတ်ပုံ- CJ)

နိုင်ကရမ်းသည် စစ်ဘေးမရှောင်ဘဲ ၎င်း၏နေအိမ်တွင်ပင် အိမ်စောင့်ကျန်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူထံမှ သိရသည်။

ထို့အတူ မတ်လ ၂၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ကာ ဓမ္မသကျေးရွာရှိ အသက်၅၀ ဝန်းကျင်အရွယ် အမျိုးသားတဦး သေဆုံးသွားသည်ဟု ဒေသခံကပြောသည်။

ပြင်းထန်းဒဏ်ရာရရှိပြီး ကော့လမုရွာမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ ရေတပ်နှင့် လေကြောင်းတိုက်ခိုက်မှုအတွင်း ဓမ္မသကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကာ မီးဘေးသင့် ပြည်သူ ၁၃၀၀ နီးပါး အပါအဝင် ဓမ္မသကျေးရွာအနီးဝန်းကျင် ဂျိုင်းမြစ်တလျှောက်ရှိ ကျေးရွာများမှ ဒေသခံ ၈၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူညီများ လိုအပ်နေကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ