KIA နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း NUG ပြော

မဇ္ဈိမ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြား အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားအားထုတ်နေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယနေ့ (ဧပြီလ ၂ ရက်) ကျင်းပသည့် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး KIA ကိုလည်း “ မြန်မာနိုင်ငံမြောက်ပိုင်း ဧရိယာ တခုလုံးရဲ့ တော်လှန်ရေးတပ်ဦး” ဟု သုံးနှုန်းခေါ်ဆို ခဲ့သည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် မျှော်မှန်းနိုင်မည့် တော်လှန်ရေး ရလဒ်များကို ယခုအချိန်ကတည်းက ကွင်းဆက်မိမိ စနစ်တကျ တည်ဆောက်ထားကြရန်လည်း ယာယီသမ္မတ အစည်းအဝေးတွင် ပြောသည်။

KIA သည် နွေဦးတော်လှန်ရေးတွင် နိုင်ငံရေး၊ စစ်ရေးအရ အရေးပါသော အခန်းကဏ္ဌတွင် ရှိနေခဲ့ပြီး NUG နှင့်လည်း စစ်ရေး၊ နိုင်ငံရေးကို လူသိရှင်ကြား ပူးပေါင်းဆောင်ရွက်နေသည်။

လက်ရှိမှာ ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းများကို KIA ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

ဒါဇင်နှင့်ချီသော တပ်စခန်းပေါင်းများကို သိမ်းပိုက်ထားသော KIA သည် နှစ်ပေါင်း ၆၀ ကျော်ကြာ စစ်တပ်က အထိုင်ချတပ်စွဲထားသော မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းမှ အဓိကတပ်စခန်းဖြစ်သည့် စိန်လုံဗျူဟာကုန်းကိုလည်း မတ်လ ၃၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းနောက် မြန်မာ- တရုတ်နယ်စပ်မြို့ဖြစ်သည့် လွယ်ဂျယ်မြို့ကို ထိန်းချုပ်ထားရာ KIA ၏ ခုခံတော်လှန်စစ်ရေး ရလဒ်များသည် “အင်မတန် အားရကျေနပ်စရာ ကောင်းတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက အစည်း အဝေးတွင် ပြောကြားခဲ့သည်။

စာတည်း။ ။ နောင်နောင်