မြင်းခြံတွင် စစ်ကောင်စီတပ်ဖွဲ့စခန်းကို ကာကွယ်ရေးအဖွဲ့တိုက်ခိုက်၊ လက်နက်များ သိမ်းယူရရှိ

MTO

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ကျောက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ရှိရာ စခန်းကို ဧပြီလ ၁ရက်နေ့က ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းယူရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

“ပျူခေါင်းဆောင် တဦးသေတယ် အများအပြားထိခိုက်ဒဏ်ရာ ရတယ်လို့ သိရတယ်။ ဘန်ကာထဲမှာတွေ့ရတဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ ၁၃ နှစ်အရွယ်ကလေးနဲ့ မိန်းကလေးတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်” ဟု မြင်းခြံမိုရှေဒါယန် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထိတွေ့ တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီးနောက် ဘန်ကာများနှင့် ယင်းနေရာအနီးရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ၎င်းကပြောသည်။

ဖမ်းဆီးရမိသည့် ၁၃ နှစ်အရွယ် ကလေးတဦးထံမှ ကိုးလုံးသေနတ် တလက်၊ ကျည်ဆံနှင့် အခြား ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါဖမ်းမိသည့်ကလေးတဦးသည် ကလေးစစ်သားဟု ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အရင်ကတော့ အခုလို ကလေးတွေ မတွေ့ဖူးဘူး။ အသက်၆၀ကျော်အရွယ် အသက်ကြီးတာတွေပဲ တွေ့ဖူးတာဖြစ်တယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးပြီးနောက် ပျူစောထီးဆိုသူတဦး ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံ လာရောက်ပူးပေါင်းမှု ရှိသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းနေ့ ညနေ ၃ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျောက်ကုန်းကျေးရွာ အနောက်ဖက်ရှိ တန်ဆောင်ရွာနှင့် ဒါးကျွန်းရွာရှိ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးပြီး ဖုန်းအလုံး ၆၀ ကျော် ကို ယူဆောင်သွားသည်ဟု မြင်းခြံ မိုရှေဒါယန်အဖွဲ့က ထုတ်ပြန်သည်။

တိုက်ခိုက်မှုကို မြင်းခြံ မိုရှေဒါယန် ပြောက်ကျာ်းအဖွဲ့ နှင့်အတူ ၊ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း အမေ့လက်ရုံးပြောက်ကျားတပ်၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း ၊ Anyar Federal Task Force(AFTF)၊ justice Warriors Force အဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ