ပဲနွယ်ကုန်းမြို့မစျေးမီးလောင်ကျွမ်းမှု ဆိုင်ခန်း ၄၀၀ ကျော် မီးလောင်ဆုံးရှုံး

ပဲနွယ်ကုန်းမြို့မစျေး မီးလောင်ကျွမ်းမှု။ ဓာတ်ပုံ − လူမှုကွန်ရက်။

ရွှေနွယ်

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် ဧပြီလ ၂ ရက် ယမန် နေ့ ညနေ ၆ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မြို့မစျေးအတွင်းရှိ ဆိုင်ခန်း ၄၃၅ ခန်း၊ လူနေအိမ် ကိုးလုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်စည်ပင်သာယာရေးရုံးတို့ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ညနေ ၆ နာရီခန့်က ပြည်တော်ဝင်ရပ်ကွက်ရှိ ပဲနွယ်ကုန်းမြို့မစျေး၏ မြောက်ဘက်ခြမ်းမှ မီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည ၁၁ နာရီခန့်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပဲနွယ်ကုန်းမြို့ခံ အမျိုးသား တဦးကပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် စျေးအတွင်းဆိုင်ခန်းပေါင်း ၄၉၃ ခန်းရှိသည့်အနက် ၄၃၅ ခန်း မီးလောင်သွား ကြောင်း သိရသည်။ ထို့ပြင် စျေးနှင့်ကပ်လျက်ရှိနေသည့် လူနေအိမ်ကိုးလုံးပါ မီးကူးစက်လောင်ကျွမ်းခဲ့ သည်။ မီးလောင်ကျွမ်းမှုအတွင်း လူထိခိုက် သေဆုံးမှုမရှိကြောင်း မြို့ခံများထံမှ သိရသည်။

“မီးသတ်ကား အစီး ၂၀ လောက်နဲ့ငြှိမ်းရတယ်။ ကျောက်တံခါး၊ ဖြူး၊ ညောင်ပင်သာ၊ ကညွှတ်ကွင်း၊ ပဲခူး ဘက်ကမီးသတ်ကားတွေပါ လာငြိမ်းရပါတယ်။ စျေးကတော့ အကုန် ကုန်သွားပြီ၊ တစျေးလုံးကုန်သွား တာပါ။ ဒီမနက်ကတော့ မီးငွေ့ငွေ့ပေါ့” ဟု ပဲနွယ်ကုန်းမြို့ခံ အမျိုးသားတဦးကပြောသည်။

မီးလောင်ကျွမ်းသည့်အချိန်မှာ စျေးသိမ်းပြီးချိန်ဖြစ်သည့်အတွက် မည်သည့်အကြောင်းကြောင့် မီးလောင် ကျွမ်းရသည်ကို အတည်ပြု၍မရသေးကြောင်းနှင့် စစ်ကောင်စီဌာနဆိုင်ရာများ ယနေ့ နံနက်ပိုင်းတွင် လာရောက်စစ်ဆေးနေကြောင်း ပဲနွယ်ကုန်းစျေးအနီးနေထိုင်သည့် ဒေသခံအမျိုးသမီးတဦးကလည်းပြော သည်။

“စျေးက ကျွန်မတို့နဲ့ မျက်စောင်းထိုးပဲ။ ကြောက်လိုက်တာ တုန်နေရော။ တစျေးလုံး ကျွန်မတို့အသိတွေ ပဲလေ။ ဆိုင်ခန်းတွေပါကုန်တာ ဘယ်စိတ်ကောင်းကြပါ့မလဲ။ စျေးတစျေးလုံးကို ကုန်ရော။ ဒီမနက်တော့ ရဲတွေရော ဌာနဆိုင်ရာတွေရော အများကြီးပဲ လာကြည့်သွားကြတယ်။ လောင်တာက စျေးမြောက်ဘက် ကစတာလို့တော့ သိရတယ်” ဟု ပဲနွယ်ကုန်းမြို့ခံ အမျိုးသမီးတဦးက ပြောသည်။

မီးလောင်ကျွမ်းရခြင်းအကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့ကိုသိရှိနိုင်ရန် မဇ္ဈိမက ပဲနွယ်ကုန်း မီး သတ်နှင့် ရဲစခန်းတို့ထံ အဆက်အသွယ်ရရှိရန် ကြိုးပမ်းနေဆဲဖြစ်သည်။

စာတည်း။ ။စောဖေ