တောင်အာဖရိကရဲ့ ကိုင်ဇာချိဖ်စ်အသင်းကစားသမား လုကာ ဖလောစ် ပစ်သတ်ခံရ

By PKThawn

တောင်အာဖရိက ဘောလုံးသမား လုကာ ဖလောစ်ဟာ ကားပြန်ပေးဆွဲမှုမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖလော်ရီဒါရဲ့ ဂျိုဟန်နက်စ်ဘတ် ဆင်ခြေဖုံးက ဓာတ်ဆီဆိုင်တဆိုင်မှာ ဗုဒ္ဓဟူးနေ့ညက ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ် ကိုင်ဇာချိဖ်စ်အသင်းကြယ်ပွင့်ကို ကားပေါ်ကနေ ဆင်းဖို့ အမိန့်ပေးခဲ့တဲ့ အမည်မသိသေနတ်သမားတွေ ချဉ်းကပ်လာချိန်မှာ သူဟာ ကားထဲမှာ စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သံသယရှိသူတွေထဲက တဦးဟာ အခင်းဖြစ်ပွားရာနေရာကနေ ဖလော်စ်ကားနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

“သံသယရှိသူတွေက သူ့ကို သေနတ်နဲ့ ချိန်ပြီး ကားထဲက ဆွဲထုတ်ခဲ့တာပါ။ ပြီးတော့ ခန္ဓာကိုယ်အပေါ်ပိုင်းကို တကြိမ် ပစ်ခဲ့တယ်”လို့ ဂေါင်တန်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး မာဗီလာ မာဆွန်ဒိုက ဒေသတွင်း မီဒီယာကို ပြောကြားခဲ့ပါတယ်။

ကိုင်ဇာချိဖ်စ်အသင်းက သူ့ရဲ့သေဆုံးမှုကို “ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုး”အဖြစ် ဖော်ပြခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်နေပြီး အသေးစိတ်အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ကလပ်အသင်းက ပြောပါတယ်။

အားကစားဝန်ကြီး ဇီဇီ ကိုဒွာက “အကြမ်းဖက်ရာဇဝတ်မှုတွေကြောင့် နောက်ထပ်အသက်တချောင်း အချိန်မတန်ခင် ကြွေလွင့်သွားခဲ့ရပြန်တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်”လို့ ပြောပါတယ်။

နောက်ခံလူ ဖလော်စ်ဟာ ပြီးခဲ့တဲ့နှစ်က ကိုင်ဇာချိဖ်စ်အသင်းမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ အရင်က SuperSport United အသင်းမှာ ကစားခဲ့သူဖြစ်ပါတယ်။

သူဟာ လက်ရွေးစင်အသင်းအတွက် မကစားပေးရသေးပေမယ့် သူ့ရဲ့ပွဲဦးထွက်ကို နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒေသတွင်းမီဒီယာရဲ့ အဆိုအရ သူဟာ Ubuntu Cape Town Academy မှာ ၂၀၁၃ က ကစားသမားဘဝကို စတင်ခဲ့တယ်လို့ သိရပါတယ်။

ဘောလုံးပရိသတ်တွေက သူ့အတွက် ဝမ်းနည်းကြေကွဲကြောင်း ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ကြပါတယ်။

Ref; BBC