မြူးနစ်မှာ စွမ်းဆောင်ရည်မြင့်မားခဲ့တဲ့ ခရူးစ်ကို ဆက်ရှိနေဖို့ မက်ဒရစ်ကြယ်ပွင့်များ လိုလား

By PKThawn

ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သူ့ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ပြသသွားခဲ့အပြီးမှာ တိုနီခရူးစ်က သူ့ရဲ့အနာဂတ် ဘယ်နေရာမှာရှိနေမယ်ကို မဆုံးဖြတ်ရသေးပေမယ့် အသင်းဖော်တွေကတော့ ရီးယဲလ်မက်ဒရစ်မှာ ဆက်နေဖို့ မျှော်လင့်နေကြပါတယ်။

အသက် ၃၄ နှစ်အရွယ် ဝါရင့် ဂျာမန်ကွင်းလယ်ကစားသမားဟာ အင်္ဂါနေ့ညက ဘာဗေးရီးယားရှိ သူ့ရဲ့ အိမ်ကွင်းဟောင်းမှာ ၂-၂ ဂိုစီသရေကျတဲ့ ဆီမီးဖိုင်နယ်ပထမအကျော့မှာ ရီးယဲလ်အတွက် တောက်ပပြခဲ့တာပါ။

စံချိန်တင် ၁၄ ကြိမ် ချန်ပီယံလိဂ်ဖလားရထားတဲ့ အသင်းနဲ့အတူ ဆယ်စုနှစ်တခုကြာ ရှိနေခဲ့အပြီးမှာ ခရူးစ်ရဲ့ စာချုပ်ဟာ နွေရာသီမှာ ကုန်ဆုံးတော့မှာပါ။

“ကျနော် ဒီရာသီမှာ တတ်နိုင်သမျှ အောင်ပွဲရယူချင်ပါတယ်၊ အနာဂတ်ကို ကျနော် မစဉ်းစားပါဘူး” လို့ သူက ပွဲအပြီးမှာ ပြောပါတယ်။

ဘိုင်ယန်နဲ့ပွဲမှာ ရီးယဲလ်အတွက် နှစ်ဂိုးစလုံးကို သွင်းယူခဲ့တဲ့ ဗီနီစီးယပ်စ် ဂျူနီယာကို ကျော်ကြည့်ရင် ခရူးစ်ဟာ ဘောလုံးပေးပို့မှု၊ ဖန်တီးနိုင်စွမ်း၊ ပွဲကို ဖတ်ရှုနိုင်မှုတွေက ကောင်းမွန်နေဆဲဖြစ်ပြီး အသင်းရဲ့ အကောင်းဆုံးကစားသမားလို့ ဆိုရပါမယ်။

သောမတ်တူချယ်ရဲ့ ဘိုင်ယန်မြူးနစ်က အခွင့်အရေးတွေ ပိုဖန်တီးခဲ့ပြီး မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကတော့ အသင်းရဲ့ အမြင့်ဆုံးအဆင့်ကို ပွဲအတွင်း ခဏတာ ပြသနိုင်ခဲ့ပြီး သူတို့ဟာ အကောင်းဆုံးပုံစံမှာ ရှိမနေကြောင်း ပြောပါတယ်။

တခြားတဘက်မှာတော့ ခရူးစ်ဟာ တည်ငြိမ်လွန်းနေပြီး ဗီနီစီးယက်စ်အတွက် သူ့ရဲ့ ကောင်းမွန်လွန်းတဲ့ ဘောလုံးပေးပို့မှုက မက်ဒရစ်ကို ဦးဆောင်စေခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်းက ဗီနီစီးယက်စ်ရဲ့ပြေးလမ်းကြောင်းထဲကို ဘောလုံးမခင်းပေးခင်မှာ ပြေးလမ်းကြောင်းဖွင့်ဖို့အတွက် လက်ညှိုးထိုးပြနေပုံရပါတယ်။

ခရူးစ်ရဲ့ အရည်အသွေးကို အနီးကပ် သိထားပြီးဖြစ်တဲ့ ဗီနီစီးယက်စ်ကလည်း ညွှန်ကြားတဲ့အတိုင်း ပြေးဝင်သွားခဲ့ပြီး ထိုးပေးလိုက်တဲ့ ဘောလုံးကို အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။

“ကျနော်တို့တွေ အများကြီး အတူ လေ့ကျင့်ထားတယ်၊ ခရူးစ်နဲ့ ကျနော်တို့ နှစ်ယောက်လုံးက တယောက်ကို တယောက်ကို ကောင်းကောင်းသိထားပါတယ်”လို့ ဘရာဇီးလ်တိုက်စစ်ကစားသမားက ရှင်းပြခဲ့ပါတယ်။

ဗီနီစီးယက်စ်ရဲ့ တိုက်စစ်တွဲဖော် ရိုဒရီဂိုက သူဟာ ခရူးစ်ကို ဆက်ရှိစေချင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့က သူ့ (ခရူးစ်)ကို ဆက်ရှိနေဖို့ အမြဲပြောပါတယ်၊ တနှစ်တည်းမဟုတ်ဘဲ နောက်ထပ်နှစ်အများကြီး ဆက်နေပေးဖို့ပေါ့။ အသက်က အရေးမကြီးပါဘူး”လို့ ရိုဒရီဂိုက Movistar ကို ပြောခဲ့ပါတယ်။

“ကျနော် သူနဲ့တွဲ ကစားရတာကို သဘောကျပါတယ်၊ သူက အဆင့်အတန်းမြင့်မားပြီး တခြားသူတွေကို ထိန်းချုပ်ထားနိုင်သူပါ။ သူ ဒီအဆင့်အတန်းမှာ ဆက်ရှိနေမယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

Ref; AFP (Photo: EPA)