တရုတ်၏ သတိပေးမှုကို လျစ်လျူရှုရင်း ဖိလစ်ပိုင်က အငြင်းပွားတောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မည်

The Eurasian Times

အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်နေစဉ် ဖိလစ်ပိုင်သည် ဩစတြေးလျ၊ ဂျပန်၊ အမေရိကန်နှင့်အတူ ဧပြီ ၇ ရက်၌ တောင်တရုတ်ပင်လယ်၌ ပူးတွဲစစ်ရေးလေ့ကျင့်မည် ဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင် မကြာသေးခင်က အခြေအနေများကြောင့် တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမှုများက ဆက်လက် မြင့်တက်နေသည်။ ကျောက်ချရပ်နားထားသော ဖိလစ်ပိုင်အလံလွှင့် စစ်သင်္ဘောတစင်းအနီး ဖြစ်စဉ်တခု ဖြစ်ပြီးနောက် နောက်ထပ် ရန်စမှုတို့ မပြုလုပ်ရန် တရုတ်က ဖိလစ်ပိုင်ကို သတိပေးသည်။

မီးသတ်ပိုက်ဖြင့် ထိုးပက်ခြင်းနှင့် ဒေါသတကြီး အပြန်အလှန် ခွန်းတုံ့ပြန်ပြောဆိုခြင်းများ အပါအဝင် တရုတ်နှင့် ဖိလစ်ပိုင်အကြား ပင်လယ်ပြင်အတွင်း ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်ထားခဲ့သည်။

ဖိလစ်ပိုင်နှင့် ဂျပန်တို့ ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည့် ရေပြင်များနှင့် ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်အပေါ် တရုတ်က ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုလျက် ကိုယ့်ကိုယ်ကို ယုံကြည်ကြောင်း တိုးမြင့်ပြသလာခြင်းနှင့်အတူ ပြီးခဲ့သည့်နှစ်က တောင်တရုတ်ပင်လယ်တွင်း တင်းမာမှုများ အရှိန်မြင့်တက်ခဲ့သည်။ ယင်းသည် ဖိလစ်ပိုင်က ဂျပန်၊ အမေရိကန်နှင့် စစ်ရေးဆက်ဆံမှုများ တိုးမြှင့်ပြီး ဒေသတွင်း၌ တရုတ်၏ ဩဇာကို တန်ပြန်သည့် အချိန်နှင့် တိုက်နေသည်။

ဖိလစ်ပိုင်၏ ပါလာဝမ်ကျွန်း၏ အနောက်ဘက် ၁၉၄ ကီလိုမီတာ အကွာ၊ တရုတ်၏ Mischief ကျောက်တန်း စစ်အခြေစိုက်စခန်းမှ ၃၂ ကီလိုမီတာ အကွာရှိ Second Thomas သောင်ခုံသည် တောင်တရုတ်ပင်လယ်၌ အဓိက ပေါက်ကွဲလုနီး အခြေအနေတခုအဖြစ် ပေါ်ထွက်ထားခဲ့သည်။

Second Thomas သောင်ခုံတွင် ဖိလစ်ပိုင်က နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုမှုကို အားဖြည့်ရန် ဖိလစ်ပိုင်စစ်တပ်၏ ကမ်းတက် သင်္ဘောဟောင်း BRP Sierra Madre ကို ၁၉၉၉ ခုနှစ်က ကျောက်ချရပ်နားထားသည်။ သမ္မတ ရှီကျင့်ဖျင်၏ ရန်လိုသော သဘောထားကို သိသာပေါ်လွင်စေလျက်ဖြင့် တရုတ်ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့သည် ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့် ထိုးပက်ခြင်း၊ ဝင့်ဆောင့်တိုက်ခြင်း အားဖြင့် Sierra Madre ရှိ ဖိလစ်ပိုင် ကမ်းတက်တပ်သားတပ်ဖွဲ့ထံ သွားသည့် ထောက်ပို့မစ်ရှင်များကို ဟန့်တားနှောင့်ယှက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

“Second Thomas သောင်ခုံ နဲ့ အနီးဝန်းကျင် ပင်လယ်ရေကြောင်း ဧရိယာတွေ အပါအဝင် စပရတ်တလေကျွန်းစု အပေါ် တရုတ်ရဲ့ အငြင်းမပွားနိုင်တဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုက လုံလောက်တဲ့ သမိုင်းဆိုင်ရာနဲ့ ဥပဒေ အခြေခံတခု ရှိတယ်” ဟု တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်က သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။

“ဖိလစ်ပိုင်ဘက်က ထိပါးချိုးဖောက်မှုနဲ့ ရန်စမှု လုပ်ရပ်အားလုံး ရပ်တန့်ဖို့ မိမိတို့ တောင်းဆိုတယ်။ တရုတ်အနေနဲ့ မိမိတို့ရဲ့ နယ်မြေအချုပ်အခြာနဲ့ ပင်လယ်ရေကြောင်း အခွင့်အရေးနဲ့ အကျိုးတရားတွေကို ကာကွယ်ဖို့ ခိုင်မာပြတ်သားတဲ့ လုပ်ဆောင်ချက်တွေကို အမြဲလုပ်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဖိလစ်ပိုင်ကလည်း Second Thomas သောင်ခုံရှိ ယင်း၏ ရပ်တည်မှုကို ထိန်းသိမ်းရန် စိတ်ပိုင်းဖြတ်ထားကြောင်းနှင့် စစ်သင်္ဘောပေါ်ရှိ ဖိလစ်ပိုင်စစ်သားများထံ ထောက်ပို့မစ်ရှင်များကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာရင်း ပြန်လည်တုံ့ပြန်သည်။

တရုတ်ကမ်းခြေစောင့်တပ်၏ “ရန်လိုသော” လုပ်ရပ်များအပေါ် ဆန့်ကျင်လျက် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ ကြေညာသော တန်ပြန်လုပ်ဆောင်ချက်များက ရှုထောင့်စုံ ဖြစ်လိမ့်မည် ဖြစ်သလို သဘာဝအားဖြင့် စစ်ရေးတခုတည်း မဟုတ်ကြောင်း ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“BRP Sierra Madre ကို ဆက်ထိန်းထားဖို့ မိမိတို့ရဲ့ ကတိပြုချက်က အမြဲတစေ အဲဒီအတိုင်း ရှိပါလိမ့်မယ်။ ဒါကြောင့် ထောက်ပို့မစ်ရှင်တွေကို စွက်ဖက်နှောင့်ယှက်ဖို့ တရုတ်ရဲ့ ကြိုးစားမှုတိုင်းအပေါ်မှာ ဖိလစ်ပိုင်ဘက်က မိမိတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ကာကွယ်မယ့် ပုံစံနဲ့ တုံ့ပြန်သွားပါမယ်”

သို့သော် မီးသတ်ပိုက်များ သုံးခြင်း၊ ဝင်ဆောင့်တိုက်ခြင်းနှင့် လက်ရှိတွင် ရဟတ်ယာဉ်များ အသုံးပြုခြင်း ကဲ့သို့ မစ်ရှင် ဟန့်တားသော လုပ်ဆောင်ချက်များနှင့် ယာယီ ထိန်းချုပ်မှုများ အောင်မြင်စေရန် ပြုံတိုးလုပ်ဆောင်ခြင်း အပါအဝင် တရုတ်၏ ပင်လယ်ရေကြောင်း ထိန်းချုပ်မှု နည်းနာများကို တန်ပြန်ရန် ဖိလစ်ပိုင်တွင် လိုအပ်သည့် ရေတပ်ဆိုင်ရာ လုပ်နိုင်စွမ်း ရှိမနေသည့် အချက်က ဆက်ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့အသွားအလာအများဆုံး သင်္ဘောကုန်စည်ပို့လမ်းကြောင်းတခုဖြစ်သည့် တောင်တရုတ်ပင်လယ်သည် မဟာဗျူဟာအရ အရေးပါပြီး ရေနံသိုက်နှင့် ငါးသယံဇာတများ ပေါ်ကြွယ်ဝသည်။ နှစ်စဉ် ဒေါ်လာ ထရီလီယံချီ တန်ဖိုးရှိ ကုန်စည်များက ယင်းကို ဖြတ်သန်းသည်။