အမေရိကန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယ ရွေးကောက်ပွဲများ ကို တရုတ်က ညာဏ်ရည်တု နည်းပညာ သုံး၍ နှောက်ယှက်နိုင် ကြောင်း Microsoft သတိပေး

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲကို တရုတ် နှောက်ယှက်ခဲ့သော်လည်း ဝီလီယံ လိုင် အနိုင်ရရှိခဲ့သည်။ ဓာတ်ပုံ : Louise Delmotte/AP

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲကို တရုတ် နှောက်ယှက်ခဲ့သော်လည်း ဝီလီယံ လိုင် အနိုင်ရရှိခဲ့သည်။ ဓာတ်ပုံ : Louise Delmotte/AP

တရုတ်သည် ထိုင်ဝမ် သမ္မတ ရွေးကောက်ပွဲတွင် အနှောက်အယှက်ပေးပြီးနောက် ယခုနှစ်အတွင်း ပြုလုပ်မည့် အမေရိကန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့၏ ရွေးကောက်ပွဲများကို အနှောင့်အယှက် ပေးရန် ကြိုးပမ်းနိုင်ကြောင်း Microsoft မှ သတိပေးထားသည်။

မြောက်ကိုရီးယား အပါအဝင် တရုတ်နောက်ခံပြုထားသော ဆိုက်ဘာအုပ်စုများ သည် ၂၀၂၄ တွင် ပြုလုပ်မည့် ထိပ်တန်းရွေး‌ကောက်ပွဲများကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ကြောင်း အမေရိကန် နည်းပညာအဖွဲ့က ပြောသည် ဟု ဆိုက်ဘာခြိမ်းခြောက်မှု ထောက်လှမ်းရေးအဖွဲ့ ကုမ္ပဏီ က ဧပြီ ၅ တွင် ထုတ်ပြန်သည်။

“အိန္ဒိယ၊ တောင်ကိုးရီးယားနှင့် အမေရိကန် ရွေးကောက်ပွဲတွေမှာ တရုတ် ဆိုက်ဘာ တွေ ထင်ရှားကျော်ကြားသူတွေ နဲ့ မြောက်ကိုရီးယား ဆိုက်ဘာ ပညာရှင်တွေဟာ မဲဆန္ဒရှင် တွေနဲ့ ရွေးကောက်ပွဲများကို ပစ်မှတ်ထား လုပ်ဆောင်နေတာကို ကျွန်တော်တို့ တွေ့မြင်ရ” သည် ဟု ဖော်ပြထားသည်။

တရုတ်သည် လူမှုကွန်ယက် မှ တဆင့် “အဆင့်မြင့်ရွေးကောက်ပွဲများ သည် ၎င်း တို့ ၏ ရာထူးနေရာများကို အကျိုးရှိစေကြောင်း” စသည့် အကြောင်းအရားများ ကို AI အသုံးပြု ဖန်တီး၍ ဖြန့်ဝေမည် ဖြစ်ကြောင်း Microsoft က ပြောသည်။

AI ဖြင့်ပြုလုပ်ထားသော အကြောင်းအရာများ၏ သက်ရောက်မှုသည် သေးငယ်သော်လည်း ရလဒ်များ ပြောင်းလဲသွားနိုင်ကြောင်း ကုမ္ပဏီက ထပ်လောင်းပြောကြားခဲ့သည်။

“စိတ်အပြောင်းအလဲ ဖြစ်နိုင်သော ပရိသတ်များအတွက် ယင်း အကြောင်းအရာများ၏ အကျိုးသက်ရောက်မှုသည် နည်းပါးနိုင်သေးသော်လည်း တရုတ်၏ ပိုမိုစမ်းသပ် ထားသော ရုပ်ပုံများ၊ ဗီဒီယိုများနှင့် အသံများသည် ဆက်လက်ရှိနေနိုင်ပြီး ထိရောက်မှုရှိကြောင်း သက်သေပြလိမ့်မည်” ဟု Microsoft မှ ပြောကြားသည်။

ဇန်နဝါရီတွင် ပြုလုပ်ခဲ့သော ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ၌ တရုတ်သည် AI ဖြင့် ဖန်တီးထားသော မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှု ပြုလုပ်ရန် ကြိုးပမ်းခဲ့ပြီး ဖြစ်ကြောင်း Microsoft က ဖော်ပြထားသည်။ နိုင်ငံခြားရွေးကောက်ပွဲများကို သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုတွင် AI ဖြင့်ပြုလုပ်ထားသော အကြောင်းအရာကို အသုံးပြုနှောက်ယှက်သော တရုတ် ကျောထောက်နောက်ခံပြုထားသည့် အဖွဲ့အစည်းကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားသည်။

Spamouflage သို့မဟုတ် Dragonbridge ဟုလည်း လူသိများသော Storm 1376 ဟုခေါ်သည့် တရုတ် ကျောထောက်နောက်ခံအဖွဲ့သည် ထိုင်ဝမ်ရွေးကောက်ပွဲကာလအတွင်း အလွန်တက်ကြွစွာ လှုပ်ရှားခဲ့သည်။ ရွေးကောက်ပွဲအပေါ် သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုများ၌ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တာရီ ဂူ ၏ အသံတုများကို နိုဝင်ဘာ ၌ YouTube တွင် လွှင့်တင်ခြင်း နှင့် အခြား ကိုယ်စားလှယ်လောင်းကို ထောက်ခံခြင်းများ ပါဝင်သည်။ အဆိုပါ အသံတုသည် AI ဖြင့် ဖန်တီးနိုင်ဖွယ်ရှိကြောင်း Microsoft က ပြောကြားခဲ့သည်။ အသုံးပြုသူအများအပြားထံ မရောက်ရှိမီ YouTube မှ ဖယ်ရှားခဲ့သည်။

တရုတ် ကျောထောက်နောက်ခံပြုအဖွဲ့သည် တရုတ်ကို ဆန့်ကျင်၍ ထိုင်ဝမ် ၏ အချုပ်အခြာအာဏာကို ရယူလိုသော ကိုယ်စားလှယ်လောင်း ဝီလီယံ လိုင် အကြောင်း AI ဖြင့် ဖန်တီးထားသော ဗီဒီယိုများ နှင့် ရုပ်ပုံများ ဖြန့်ဝေခဲ့ပြီး လိုင်အား နိုင်ငံပိုင်ဘဏ္ဍာငွေ အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲ၍ အခြေအမြစ်မရှိသော တိုင်ကြားမှုများ လုပ်ဆောင်ခဲ့သည်။ လိုင် ၏ ကိုယ်ရေးကိုယ်တာ သတင်းအမှားများ ကို AI အသုံးပြု၍ ဖြန့်ဝေ တိုက်ခိုက်ခဲ့ပြီး အဆိုပါ နည်းပညာကို အီရန် တွင် လည်း အသုံးပြုခဲ့သည်။

အဆိုပါ AI သုံး၍ သတင်းထုတ်ပြန်မှုများအား CapCut tool ကို အသုံးပြု၍ TikTok ပိုင်ရှင် တရုတ်ကုမ္ပဏီ ByteDance မှ ဖန်တီးထားကြောင်း Microsoft က ပြောကြားသည်။

တရုတ်အုပ်စုများသည် အမေရိကန်တွင် သြဇာလွှမ်းမိုးမှုရှိသော လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း Microsoft က ပြောသည်။ တရုတ်နောက်ခံပြု အဖွဲ့များသည် အမေရိကန် မဲဆန္ဒရှင်များကို ခွဲခြားရာတွင် ထွက်ပေါ်လာသော ပြဿနာများကို နားလည်ရန် နှင့် ကွဲလွဲသောမေးခွန်းများ ထွက်ပေါ်လာစေရန် လူမှုကွန်ရက်အကောင့်များ အသုံးပြုနေကြောင်း ၎င်း က ဆိုသည်။

“ဒါက အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် အဓိကမဲပေးမယ့် လူဦးရေစာရင်း တိကျမှုကို ထောက်လှမ်းရေး နဲ့ စုဆောင်းဖို့ ဖြစ်နိုင်တယ်” ဟု Microsoft က ပြောကြားခဲ့သည်။

ယူကရိန်းနှင့် အစ္စရေးအတွက် ဒေါ်လာ ၇၅ ဘီလီယံ နှင့် အမေရိကန် – မက္ကစီကို နယ်စပ်အတွက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၀ ဘီလီယံ တို့ကို ပေါင်းစပ်ထားသည့် အမေရိကန် ဒေါ်လာ ၁၁၈ ဘီလီယံ သဘောတူညီချက် ဥပဒေကြမ်းကို ရည်ညွှန်းဖော်ပြ၍ လူမှုကွန်ရက် X တွင် တင်ခဲ့ပြီး “ခင်ဗျားရဲ့ တုံ့ပြန်မှုက ဘာလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။ မနှစ်က တောင်ကာရိုလိုင်းနားတွင် F-35 တိုက်လေယာဉ် ဆုံးရှုံးသွားကြောင်း စာတမ်းထိုးထားပြီး “ဘိုင်ဒင် အုပ်ချုပ်မှုအောက်တွင်သာ” အဖိုးတန် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ဆုံးရှုံးနိုင်သည်ဟု ဆို၍ “ဒါကို ဘယ်လိုထင်လဲ” ဟု မေးထားသော အကြောင်းအရာများ ကို တင်ထားသည်။

အမေရိကန်အကြီးတန်းအရာရှိများ၏ အီးမေးလ်အကောင့်များအတွင်းသို့ တရုတ်ဆိုက်ဘာ အော်ပရေတာများအား ဖောက်ထွင်းဝင်ရောက်နိုင်ရန် ခွင့်ပြုပေးခဲ့သော နည်းပညာ အမှားအယွင်းများကို ဖော်ပြ၍ အိမ်ဖြူတော် ၏ တရားဝင်ပြန်လည်သုံးသပ်ရေးဘုတ်အဖွဲ့ အစီရင်ခံစာကို Microsoft မှ တပတ်အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် လ တွင် တရုတ်ကျောထောက်နောက်ခံပြု ဟက်ကာများသည် နိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များနှင့် စီးပွားရေး လုပ်ငန်းများအပြင် ဗြိတိန် ၏ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ကို ပစ်မှတ်ထား၍ နှစ်ရှည်ကြာ ဆိုက်ဘာမဲဆွယ်မှုများ ပြုလုပ်နေကြောင်း အမေရိကန်နှင့် ဗြိတိန်အစိုးရများ က စွပ်စွဲခဲ့သည်။