ဝမ်းတွင်းမြို့နယ်မှူး စီးလာသည့်ကား မိုင်းဆွဲခံရပြီး မြို့နယ်မှူးအပါအဝင် ရဲတပ်သား ၄ ဦးသေဆုံး

လွှမ်းမိုး

(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ ဝမ်းတွင်းမြို့နယ် နတ်နန်းကျေးရွာ နှင့် ထနောင်းကုန်းကျေးရွာကြားတွင် မြို့နယ်မှူး စီးနင်းလာသည့်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Wundwin Township Revolution Force က ထုတ်ပြန်ထားသည်။

ဧပြီလ ၅ ရက်နေ့ ညပိုင်း ၇ နာရီ အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူရဲတပ်သား လေးဦးတွင် ဝမ်းတွင်းရဲစခန်းမှ မြို့နယ်မှူး ဝင်းကျော်သူ ပါဝင်ကြောင်း WTRF တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ပင်းတလဲ ဘက်ကနေ ဝမ်းတွင်းဘက်ကို ကားလေးစီးထွက်လာတယ်၊ သတင်းရပေမယ့် မိုင်းနေရာရောက်တော့ ကားတစီးပဲ၊ သုံးစီးက အဝေးမှာပြတ်ကျန်ခဲ့တယ်။ ဖြစ်ချင်တော့ ရောက်လာတဲ့ကားမှာပဲ မြို့နယ်မှူး ပါလာ တယ်။ ကားကို ထိထိမိမိ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်” ဟု WTRF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဝမ်းတွင်းမြို့နယ် ရဲစခန်းမှ မြို့နယ်မှူး ဝင်းကျော်သူ အပါအဝင် ရဲတပ်သား လေးဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်း မရှိကြောင်း Wundwin Township Revolution Force တပ်ဖွဲ့ထံက သိရသည်။

“ မိုင်းကွဲအားက ပြင်းတော့ ကားရော ၊ ကားပေါ် ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတွေရောက ရစရာ မရှိအောင်ကို ဖြစ်သွားတယ်။ ကားပေါ်ပါလာတဲ့ သေနတ်တွေလည်း အကုန်တစစီ ဖြစ်သွားတာ ဖြစ်တယ်” ဟု WTRF တပ်ဖွဲ့ ပြန်ကြားရေးက ဆိုသည်။

စစ်ကောင်စီ၏ သတင်းချန်နယ်များတွင်မူ မိုင်းဆွဲတိုက်ခံရသဖြင့် ရဲမှူးဝင်းကျော်သူ ၊ ရဲတပ်သား ရန်ကျော် ၊ ရဲတပ်သား သက်ကိုအောင် ၊ ရဲတပ်သား ဟိန်းကိုတို့ သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း PDF တပ်ဖွဲ့များက သိမ်းယူသွားကြောင်း Positive Angle News က ရေးသားဖော်ပြထားသည်။

မတ် ၁၉ ရက်ကလည်း ဝမ်းတွင်းမြို့နယ်၊ သီးကုန်ရွာ စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူး လက်တိုမောင်ပု ဆိုသူကို မြို့နယ်ထွေအုပ်ရုံးကအပြန် လမ်းမပေါ်တွင် ပစ်သတ်ခဲ့ကြောင်း WTRF တပ်ဖွဲ့ထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)