သင်္ဃန်းညီနောင် ဗျူဟာစခန်းသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်များ KNLA ထုတ်ပြန်

ပုံအညွှန်း- သင်္ဃန်းညီနောင်ညဗျူဟာသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်များ (ဓါတ်ပုံ- KNLA-GHQ)

ပုံအညွှန်း- သင်္ဃန်းညီနောင်ညဗျူဟာသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်များ (ဓါတ်ပုံ- KNLA-GHQ)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)လက်အောက်ခံ သင်္ဃန်းညီနောင် ဗျူဟာစခန်းသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုက ဓါတ်ပုံနှင့်တကွ ထုတ်ပြန်လာသည်။

သင်္ဃန်းညီနောင်ဗျူဟာစခန်းကို ဧပြီလ ၅ ရက် နံနက် ၈ နာရီမှစတင်၍ KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ငါးနာရီအကြာ နေ့လယ် ၁ နာရီအချိန်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗျူဟာစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့သည့် ၁၂၂ မမနှင့် ၁၂၀ မမ လက်နက်ကြီး စုစုပေါင်း လေးလက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNLAက ပုံနှင့်တကွ ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

ပုံအညွှန်း- သင်္ဃန်းညီနောင်ညဗျူဟာသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်များ (ဓါတ်ပုံ- KNLA-GHQ)

သို့ရာတွင် အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်၊ ကျဆုံးမှု အခြေအနေများကို ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

မတ်လ ၇ ရက်နေ့မှစ၍ မြို့သိမ်းတိုက်ပွဲအနေဖြင့် တိုက်ပွဲများ ပြင်းထန်လာခဲ့သည့် သင်္ဃန်းညီနောင်တွင် တိုက်ပွဲကာလ တလကျော်အတွင်း သင်္ဃန်းညီနောင်တွင် အခြေစိုက်သည့် ခမရ (၃၅၅)၊ (၃၅၆)၊ (၃၅၇) နှင့် သင်္ဃန်းညီနောင်ဗျူဟာ၊ ရဲစခန်း စသည့် စစ်ကောင်စီ အထိုင်ချ တပ်ရင်းနှင့် စခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

ယမန်နေ့ (ဧပြီလ ၅ ရက်)ညပိုင်းမှစ၍ သင်္ဃန်းညီနောင်- မြဝတီလမ်းပေါ်၊ မြဝတီမြို့အဝင်ရှိ ခြေလျင်တပ်ရင်း ခလရ (၂၇၅) ကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေပြီး ယနေ့ (ဧပြီလ ၆ ရက်) နေ့လယ်ပိုင်းတွင် အဆိုပါ တပ်အတွင်းမှ စစ်ကောင်စီတပ်သား ရာနှင့်ချီ အလံဖြူထောင်၊ လက်နက်ချ အညံ့ခံခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ