ကျိုက်ထိုတွင် စစ်ကောင်စီ ယာယီစခန်း ၄ ခုကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ပုံအညွှန်း- မုပ္ပလင်လမ်းဆုံဂိတ်နှင့် လက်ပံပင်သင်္ချိုင်းအား ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်စဉ် (ဓါတ်ပုံ- KRF)

ပုံအညွှန်း- မုပ္ပလင်လမ်းဆုံဂိတ်နှင့် လက်ပံပင်သင်္ချိုင်းအား ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်စဉ် (ဓါတ်ပုံ- KRF)

YT

(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အထိုင်ချရာ မုပ္ပလင်စစ်ဆေးရေးဂိတ်၊ ရွှေစေတီငွေစေတီကုန်း၊ လက်ပံပင်သင်္ချိုင်း၊ အင်္ဂဘိုတာဝါတိုင် နေရာများကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရ သည်။

ဧပြီလ ၆ ရက်နေ့ တရက်တည်းတွင် မုပ္ပလင်စစ်ဆေးရေးဂိတ်နှင့် လက်ပံပင်သင်္ချိုင်းကို ဒရုန်း၊ ၆၀ မမ တို့ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဘုရားကုန်းနှင့် အင်္ဂဘို တာဝါတိုင်ကိုမူ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KRF က ယနေ့ သတင်းထုတ်ပြန်သည်။

“အင်အား ၁၀ ဦးဝန်းကျင်ခန့်စီ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ မုပ္ပလင်ဂိတ်တခုတည်း ၂၀ ဦးကျော်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ လက်ပံပင်နဲ့ မုပ္ပလင်လမ်းဆုံဂိတ်က ယာယီစခန်းပုံစံမျိုးနဲ့အထိုင်ချပြီး ခရီးသွားပြည်သူ တွေကို စစ်ဆေးတာတွေ လုပ်လေ့ရှိပါတယ်။ တာဝါတိုင်နဲ့ ဘုရားကုန်းကတော့ လုံခြုံရေးအတွက် တပ်စွဲ ထားတဲ့ ယာယီစခန်းငယ်တွေပါ”ဟု KRF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမော်ကွန်းက မဇ္ဈိမကိုပြော သည်။

အဆိုပါတိုက်ခိုက်မှုအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF)၊ Night Hawks၊ YEF ၊ တပ်မဟာ (၁) PDF တပ်ရင်း၊ တောကျီးကန်းအဖွဲ့၊ ခရမ်း PDFနှင့် ကျိုက်ထို ပ.က.ဖ ပူးပေါင်းအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

KNLA ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုအတွင်း ဘုရားကုန်းမှ စစ်ကောင်စီတပ်သားနှစ်ဦးနှင့် မုပ္ပလင်လမ်း ဆုံဂိတ်မှ ရဲသုံးဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ပြီး အရာရှိခွဲမှူးတဦးအပါအဝင် စစ်ကောင်စီတပ်သားနှင့် ရဲ ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း KRF က ဆိုသည်။

“စကစ အထိအခိုက်၊ အကျအဆုံးတွေကို စစ်တပ်နဲ့ရဲ တပ်တွင်းဖရဲသီး သတင်းရင်းမြစ်ဆီကနေရတာပါ။ စကစက ထိခိုက်မှုတွေကို အပြင်မပေါက်ကြားစေချင်တဲ့အတွက် ဖုံးထားလို့ ဒေသခံတွေဆီကတော့ မရခဲ့ ပါဘူးဗျ” ဟု KRF တာဝန်ခံက ဆက်လက်ပြောဆိုသည်။

တိုက်ခိုက်မှုများအပြီး ဧပြီလ ၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက အနီးအနားကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

“တညနေလုံးပဲ တဒုန်းဒုန်းနဲ့ ကျနေတာ။ ဒီဘက်က( တော်လှန်ရေးအင်အားစုများ) သွားဆော်လို့ပဲလား။ သူတို့ဘာသာ ရမ်းပစ်နေတာလားတော့ မသိဘူး။ ဒီလောက်များရင်တော့ ဒီဘက်က သွားလုပ်တာ ရှိမယ် ထင်တယ်” ဟု ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ကလည်း KNLA ၊ KRF ပူးပေါင်းတပ်ဖွဲ့က မုပ္ပလင်လမ်းဆုံဂိတ်ကို ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာတွင် ဂိတ်ခေါင်မိုးကို တည့်တည့်ထိမှန်ခဲ့ကြောင်း KRF က သတင်းထုတ်ပြန် ထားသည်။

စာတည်း။ ။စောဖေ