မုံရွာမြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး ၁ ဦးဖမ်းဆီးခံရ

ပုံအညွှန်း - မုံရွာမြို့လယ်မြင်ကွင်း

ပုံအညွှန်း – မုံရွာမြို့လယ်မြင်ကွင်း

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလ ၅ရက် နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးသေဆုံးကာ တဦးဒဏ်ရာဖြင့်ဖမ်းဆီးခံရသည်ဟု သိရသည်။

“စစ်ရေးမစ်ရှင်တခုလုပ်ပြီး ပြန်တဲ့လမ်းမှာ လှည့်ကင်းနဲ့တွေ့ပြီး ပစ်တာမှာထိသွားတာ ၊ သတင်းကြိုရတဲ့ပုံစံတော့ မဟုတ်ပါဘူး၊ မမျှော်လင့်ဘဲ တိုးသွားကြတာ” ဟု မုံရွာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် ဆေးဝန်ထမ်းလင်မယားကို ဖမ်းဆီးလာစဉ် မုံရွာမြို့နယ် အင်းရွာသစ်နှင့် တောင်ပလူ သွားသည့် ကားလမ်းမတွင် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးလာသူများ လွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါပစ်ခတ်မှုအတွင်း ဒဏ်ရာရသည့် ကာကွယ်ရေးဘော် ဖမ်းဆီးခံခဲ့ရပြီး အခြားအဖွဲ့ဝင်များ လွတ်မြောက်ခဲ့ကာ လက်နက်အချို့ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီထောက်ခံသည့် သတင်းမီဒီယာများတွင် PDF များနှင့် ပစ်ခတ်မှုဖြစ်ပွားပြီး အလောင်းတလောင်း၊ အရှင်တယောက် ဖမ်းမိကာ သေနတ်ငါးလက် နှင့် အိမ်စီးကားနှစ်စီး ဖမ်းဆီးရမိကြောင်းရေးသား ဖော်ပြကြသည်။

မတ်လ ၁၃ ရက်နေ့ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမနှင့် ရုံးကြီးလမ်းထောင့်ရှိ အင်းဝဘဏ်ကို လက်နက်ကိုင်ဆောင်ထားသူများက ဝင်ရောက်စီးနင်းကာ ငွေသား ကျပ်သိန်း ၁၀၀ကျော်နှင့် ကွန်ပျူတာများ ယူဆောင်သွားပြီး မန်နေဂျာကိုလည်း ဖမ်းဆီးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ယင်းအပြင် မတ်လ ၁၄ရက် နံနက် ၇ နာရီခန့်က မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်နေ မြို့နယ်လဝကမှူးကို လက်နက်ကိုင်လူတစုက ၎င်း၏နေအိမ်သို့ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ