ပခုက္ကူမြို့နယ် သာကြီးတောင်ရေနံမြေရဲစခန်းမှ ရဲတပ်သား ကာကွယ်ရေးတပ်ဖွဲ့ထံခိုလှုံ

လွှမ်းမိုး

(မဇ္စျိမ)။ ။မကွေးတိုင်း ၊ ပခုက္ကူ မြို့နယ် ၊ သာကြီးတောင် ရေနံမြေရဲစခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတဦးသည် ဧပြီလ ၄ ရက်နေ့က သေနတ်နှစ်လက်ဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)ထံမှ သိရသည်။

“ကာကွယ်ရေး ရဲဘော်တဦးနဲ့ ချိတ်ဆက်ပြီး အလင်းဝင်လာတာ ဖြစ်ပါတယ်။ ချိတ်ဆက်ပြီး ထွက်လာတာ ဖြစ်တဲ့အတွက် ရဲတပ်သားရဲ့ လုံခြုံရေးကအစ အထူးဂရုပြုပြီး သွားရောက် ကြိုဆိုခဲ့တာ ဖြစ်တယ်” ဟု ပ.က.ဖ တာဝန်ခံဗိုလ်လကျာ်က ပြောသည်။

အဆိုပါ ရဲတပ်သားသည် သာကြီးတောင် ရေနံမြေ ရဲစခန်းမှ G-3 တလက် ၊ 81 စက်လက် တလက် ၊ ကျည်နှင့်ကျည်ဘောက်များကို တပါတည်းယူဆောင်ကာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) ထံ အလင်းဝင်ခိုလှုံခဲ့ကြောင်း သိရသည်။

“အခွင့်ရေးရတာနဲ့ ထွက်ပြေးလာတာ ဖြစ်ပါတယ်။ သေနတ်ရော တပါတည်း ယူချင်တာ ဖြစ်တဲ့အတွက် အချိန်မကြာသင့်ဘဲ ကြာခဲ့တာ ဖြစ်ပါတယ်။ ဘယ်မှသွားဖို့ အစီအစဉ်မရှိဘူး ။တော်လှန်ရေး တပ်ဖွဲ့ဝင် ရဲဘော်တွေ နှင့်အတူ တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်သွားမှာ ဖြစ်တယ်” ဟု အလင်းဝင် လာသည့် ရဲတပ်သားက ပြောသည်။

အဆိုပါရဲတပ်သားအား မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)မှ ငွေကျပ် သိန်း ၁၅၀ ချီးမြှင့်ခဲ့ပြီး ရဲတပ်သား၏ ဆန္ဒဖြင့် ကာကွယ်ရေးတပ်ဖွဲ့၏ မိုင်းထုတ်လုပ်ရေးတွင် ကူညီဆောင်ရွက်ရန် ယာယီတာဝန်ပေးအပ်ထားကြောင်း သိရသည်။

စစ်ဖိနပ်အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက်ရပ်တည်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလိုသည့် မည်သူ့ကိုမဆို ကြိုဆို‌ကြောင်းနှင့် လက်နက်ခဲယမ်းများ ယူဆောင်လာပါက ထိုက်သင့်သည့် ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်‌ကြောင်း မြိုင် ပ.က.ဖ တာဝန်ခံကပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ