ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့ မုဒုံ လေဆိပ်စီမံကိန်းသို့လာရောက်စဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ပုံအညွှန်း- စစ်ကောင်စီ​၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး

ပုံအညွှန်း- စစ်ကောင်စီ​၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းဧရိယာဝင်းအတွင်းသို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ လာရောက်စဥ် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၆) ဒရုန်းတပ်ဖွဲ့ ထံက သိရသည်။

ယမန်နေ့ ဧပြီလ ၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၉ မိနစ်တွင် အဆိုပါ လေဆိပ်ဝင်းအတွင်းရှိ အစည်းအဝေးပြုလုပ်ရာ ယာယီရှင်းလင်းဆောင်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အဖွဲ့ ရောက်ရှိနေသည်ဟု သတင်းရသဖြင့် ထိုသို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNDO တပ်ရင်း (၆) ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပုံအညွှန်း- ဒရုန်းစစ်ဆင်ရေးတခုအတွက် ပြင်ဆင်နေသည့် KNDO ရဲဘော်များအား တွေ့ရစဉ် (ဓါတ်ပုံ- KNDO တပ်ရင်း (၆) ဒရုန်းတပ်ဖွဲ့)

” မုဒုံ လေဆိပ်သစ်စီမံကိန်း‌နေရာကို မြတ်ထွန်းဦးလာမယ် သိထားရတာ၊ ဆက်စပ်တွေးမိတာက ဒုဝန်ကြီးချုပ်လည်းဖြစ်၊ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ တကောင်(တယောက်)လာမယ်ဆိုတော့ ရတခ တိုင်းမှူး ကျော်လင်းမောင်ပါ ပါမယ်တွေးမိတာနဲ့ ဒီကောင်က ရတခ ရောက်ပြီး ရက်ပိုင်းတွင်းပဲ ဓမ္မသကို မီးရှို့ခဲ့တာဗျ။ အဲဒါကြောင့် လက်တုံ့ပြန်တာ၊ လက်စားချေတာမဟုတ်ပေမယ့် တရားမျှတမှုတစ်ခု ရနိုင်ဖို့အတွက် ကျွန်‌တော်တို့နဲ့ မုဒုံပကဖနဲ့ သေချာစီစဉ်ပြီး လုပ်ဆောင်ခဲ့တာပါ” ဟု ၎င်းကဆိုသည်။

ဒရုန်းဖြင့် ဗုံးကြဲခံရမှုကြောင့် အဆောင်အနီးရှိ ကားတစီး ပျက်စီးကြေမွသွားကြောင်းနှင့် အခြားသော ထိခိုက်မှုများကို မသိရသေးကြောင်း KNDO က ဆိုသည်။

ကော့ပရံရွာတွင် လေဆိပ်နှင့် ဆိပ်ကမ်း ဆောက်လုပ်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးများပါဝင်သည့် စီမံကိန်းအကောင်အထည်ဖော်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းကာ ကော့ပရံစီမံကိန်းကို စတင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် မော်လမြိုင်လေဆိပ်နှင့် မင်းရွာရှိ တိုင်းရင်းသားယဉ်ကျေးမှုစင်တာဝင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး လေယာဉ်ပြေးလမ်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။⁩

စာတည်း။ ။အောင်ကျော်ဖြိုး