စစ်သုံ့ပန်းများ၏ ဆန္ဒမပါဘဲ ပြန်လွှဲပေးမည် မဟုတ်ကြောင်း KNU ပြော

KNU ပြောခွင့်ရသူ ပဒိုစောတောနီး

မဇ္ဈိမ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဗျူဟာတိုက်ပွဲတွင် လက်နက်ချခဲ့သော ရာနှင့်ချီသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNU က ထိန်းသိမ်းထားရာ ထိုစစ်သုံ့ပန်းများ၏ ဆန္ဒမပါဘဲ စစ်ကောင်စီထံ ပြန်လွှဲပေးမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ သင်္ဃန်းညီနောင်စခန်းကို သိမ်းပိုက်ချိန် ဦးဆောင်လက်နက်ချအညံ့ခံခဲ့သော ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ် အပါအဝင် စစ်သည်များနှင့် တပ်မိသားစုဝင် စုစုပေါင်း ၆၁၇ ဦးကို လုံခြုံသည့်နေရာတွင် ထိန်းသိမ်းကြောင်းလည်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင် သုံ့ပန်းများ၏ သဘောဆန္ဒအရ ပြန်ချင်သူများကို ၎င်းတို့၏ ဆန္ဒနှင့် ဆန့်ကျင်ဘက်မလုပ်ဘဲ ပြန်ပို့ပေးသွားမည်ဟု KNU က ပြောသည်။

“ဒီလူတွေ ဆန္ဒမပါဘဲ ပြန်ပို့တယ်ဆိုတာ ကျွန်တော်တို့လုံးဝ မလုပ်ဘူး၊ သူတို့ဆန္ဒမပါဘူးဆိုရင် သူတို့မပြန်ချင်ဘူးဆိုရင် ကျွန်တော်တို့ အတင်းပေးမပြန်ဘူး၊ ဒါပေမယ့် သူတို့ပြန်ချင်တယ်ဆိုရင်လည်း သူတို့ဆန္ဒနဲ့ ဆန့်ကျင်ဘက်မလုပ်ပါဘူး၊ သူတို့ကို ပေးပြန်မှာပါ” ဟု KNU ‌ပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့မှာ COC ကို လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတဲ့အပေါ်မှာ တသွေမတိမ်း လိုက်နာတယ်၊ နောက်ပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကိုလည်း ကျွန်တော်တို့ လိုက်နာတယ်၊ ဒီလိုလက်နက်ချ အရှုံးပေးလာတဲ့သူတွေကို လူသားဆန်ဆန် ဆက်ဆံရမယ်ဆိုတဲ့အပေါ်မှာ ဒီလူတွေကို လုံလုံခြုံခြုံနဲ့ ထိန်းသိမ်းထားတယ်” ဟုလည်း ပဒိုစောတောနီးက ဆက်ပြောသည်။

လက်နက်ချသော စစ်သုံ့ပန်းများ

စစ်ကောင်စီကို ထောက်ခံသူများဘက်က ပြောဆိုနေသကဲ့သို့ ဖမ်းဆီးရမိသူများကို ထိန်းသိမ်းပြီး ပေးမပြန်ဘူးဆိုသည့် စွပ်စွဲချက်များမှာ မမှန်ကန်ဘဲ စစ်သုံ့ပန်းများ၏ ဆန္ဒအပေါ်တွင်သာ မူတည်ကြောင်း ၎င်းက ပြောသည်။

မြန်မာ- ထိုင်းနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်က အချက်အချာကျသော သင်္ဃန်းညီနောင်ကျေးရွာက စစ်ဗျူဟာအခြေချစခန်းကို KNU နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက လနှင့်ချီ ပိတ်ဆို့ပြီးနောက် ဧပြီလ ၅ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အရာရှိအဆင့် ၆၇ ဦး၊ အခြားနှင့်တပ်သားအဆင့် ၄၁၀ ဦး စုစုပေါင်း ၄၇၇ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ရဲမေ ၅၉ ဦးနှင့် တပ်မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၁၄၀ ဦးလည်း လက်နက်ချခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

ယင်းသည် စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုက်ပွဲများ အဆက်မပြတ်ရှိခဲ့သည့် ကရင်ပြည်နယ်တွင် အစုလိုက်အပြုံလိုက် အများဆုံး လက်နက်ချမှု ဖြစ်လာခဲ့သည်။

လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းမီးကျောက်မြောက်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KNU က ပြောသည်။

လက်နက်ခဲယမ်းများကို တွေ့ရစဉ်

သင်္ဃန်းညီနောင်နှင့် ၁၀ မိုင်ဝန်းကျင်အကွာရှိ မြဝတီမြို့၏ မြို့စောင့်တပ်ဖြစ်သော ခလရ (၂၇၅) တပ်ကိုလည်း KNU ဦးဆောင်သော တော်လှန်ရေးပူး ပေါင်းတပ်များက ဝိုင်းဝန်းပိတ်ဆို့ထားပြီး လက်နက်ချရန် ကမ်းလှမ်းထားရာ လက်နက်ချလိုက်ပြီဟု ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေသော သတင်းများကို အတည်ပြု၍ မရသေးကြောင်း KNU က ပြောသည်။

စာတည်း။ ။ နောင်နောင်