ဘိုင်ယန်မြူးနစ်နဲ့ ပွဲက အမှားတွေကို သင်ခန်းစာယူဖို့ အာဆင်နယ်ကို အာတီတာ တိုက်တွန်း

By PKThawn

မိမိတို့အနေနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်လှမ်းချင်တယ်ဆိုရင်တော့ အင်္ဂါနေ့က ဘိုင်ယန်မြူးနစ်ကို ၂-၂ ဂိုးနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အကျိုးယုတ်စေတဲ့ အမှားတွေကနေ သင်ခန်းစာယူဖို့ အာဆင်နယ်ကို မီခေး အာတီတာက သတိပေးလိုက်ပါတယ်။

အမ်းမရိတ်စ်ကွင်းက ပထမအကျော့မှာ ထရိုဆက်ဒ်ရဲ့ နောက်ကျချေပဂိုးကြောင့် အာတီတာရဲ့ အသင်းဟာ လက်ကျန်ကွာတားဖိုင်နယ်ပွဲစဉ်အတွက် မျှော်လင့်ချက်ရှိနေခဲ့ပါတယ်။

အာဆင်နယ်ကို အမြဲဒုက္ခပေးလေ့ရှိတဲ့ ဟယ်ရီကိန်းဟာ မြောက်လန်ဒန်ကို ပြန်ရောက်လာချိန်မှာ ဂန်းနားပရိသတ်တွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ကြုံခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ဒါတွေကို လျစ်လျူရှုပြီး ပင်နယ်တီကို အေးဆေးတည်ငြိမ်စွာနဲ့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်တို့ ၂-၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဂန်းနားတို့အတွက် ဘူကာယို ဆာကာရဲ့ အစောပိုင်းအဖွင့်ဂိုးကို အာဆင်နယ်တောင်ပံကစားသမားဟောင်း ဆာ့ဂ်ျဂနာဘရီက ပြန်ချေပခဲ့ပြီးနောက် တော့တင်ဟမ်တိုက်စစ်မှူးဟောင်း ကိန်းက အမ်းမရိတ်စ်မှာ ကစားသမားဘဝ ခြောက်ဂိုးမြောက်ကို သွင်းယူခဲ့တာဖြစ်ပါတယ်။

၂၀၁၀ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တခါတခါ ချီတုံချတုံ ဖြစ်နေပုံရတဲ့ အာဆင်နယ်အတွက် စိတ်ပျက်စရာ ညနေခင်းတခုဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီ အကျပ်အတည်းဒဏ်ကြောင့် ရုန်းကန်နေရချိန်ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ဦးဆောင်သူတွေကတော့ ပုံစံကောင်းရှိနေခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးလေးသင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အာဆင်နယ်ရဲ့ ရေပန်းအစားဆုံးအနေအထားကို ခံစစ်အားနည်းမှုတချို့က အဟန့်အတားဖြစ်စေခဲ့ပါတယ်။

ဧပြီ ၁၇ ရက် မြူးနစ်မှာ ကစားမယ့် ဒုတိယအကျော့အတွက် ပြန်လည်ပြင်ဆင်ရာမှာ အဖိုးတန်တဲ့ သင်ခန်းစာတခုအဖြစ် ဒီအတွေ့အကြုံကို အသုံးချဖို့ သူ့ရဲ့ကစားသမားတွေကို အာတီတာက တိုက်တွန်းခဲ့ပါတယ်။

“ကျနော်တို့ မြူးနစ်ကို ပြန်သွားမယ်။ ကျနော်တို့က ပြိုင်ပွဲထဲမှာ ရှိနေပါသေးတယ်။ ပွဲက ခက်ခဲလာတယ်။ ပြီးတော့ သူတို့တွေဟာ Level ကို မြှင့်တင်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ထားပါတယ်”လို့ သူက ပြောပါတယ်။

“ဒီနေ့မှာ ကျနော်တို့ အမှားတချို့လုပ်ခဲ့တယ်။ အဲဒီကနေ သင်ခန်းစာယူကြရအောင်။ ဒီကစားသမားတွေက မယုံနိုင်စရာပါပဲ။ အဲဒါက ဘောလုံးရဲ့ အစိတ်အပိုင်းပါ။ သူတို့ကို အားပေးလိုက်ကြရအောင်။

“အဲဒီနေရာမှာ ယုံကြည်ချက်ရှိတယ်လို့ ကျနော် ခံစားရတယ်။ ကျနော်တို့ မြူးနစ်ကို သွားပြီးတော့ အနိုင်ယူဖို့ အခွင့်အရေးရှိတယ်။ ကျနော်တို့က တချို့နေရာတွေမှာ ပိုကောင်းလာမယ်၊ ပြီးတော့ ဒါကို ပြင်ဆင်ထားရမယ်။”

ဘိုင်ယန်မြူးနစ်ရဲ့ အထင်ကြီးစရာ ပထမပိုင်းက သူ့အသင်းကို တုန်လှုပ်စေခဲ့တယ်လို့ အာတီတာက ဝန်ခံခဲ့ပေမယ့် အားလပ်ချိန်အပြီးမှာ အသင်းရဲ့ တည်ငြိမ်မှု ပြန်လည်ရရှိပုံကို သဘောကျခဲ့တယ်လို့ ဆိုပါတယ်။

Ref; AFP