အမ်းမြို့အခြေစိုက် နပခ စစ်ဌာနချုပ်ကို AA စတင် တိုက်ခိုက်

Photo- AA

Photo- AA

ဓာတု

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံး (နပခ) အပါအဝင် နေရာသုံးခုကို အာရက္ခတပ်တော် (AA) က ယနေ့ (ဧပြီလ ၁၀ ရက်) နေ့၊ နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ရာ ထိမှန်မှုများရှိခဲ့ကြောင်း နပခနှင့်နီးစပ်သော မဇ္ဈိမ၏ သတင်းရင်းမြစ်နှင့် ဒေသခံက အတည်ပြုသည်။

ရက္ခိုင့်တပ်တော် (AA) မှ အာရက္ခတပ်တော် (AA) ဟု ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယနေ့ (ဧပြီလ ၁၀ ရက်)၊ တပ်တော်မွေးနေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

အာရက္ခတပ်တော် (AA) က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံး၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေး တပ်ရင်းနှင့် အမ်းမြို့နယ်မီးသတ်ဦးစီးဌာနရုံးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“AAရဲ့လက်နက်ကြီးထိတာကတော့ ဒီနေ့မနက်ပါ။ နပခကို နှစ်လုံးပစ်တာ တလုံးထိတာ အတည်ပြုနိင်တယ်။ ထိခိုက်ပျက်စီးမှုနဲ့ လူထိခိုက်တဲ့ အခြေအနေအသေးစိတ် မသိရသေးဘူး။ တပ်ထဲမှာတချို့တွေဖုန်းကိုင်ခွင့်မရှိဘူး။ တချို့ကိုပဲ ပေးကိုင်တယ်” ဟု နပခနှင့်နီးစပ်သော မဇ္ဈိမ၏ သတင်းရင်းမြစ်တခုက ပြောသည်။

အမ်းမြို့နယ် မီးသတ်ဦးစီးဌာနသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု အပျက်အစီးကို တွေ့မြင်ခဲ့ရကြောင်း မြို့ခံတဦးကလည်း မဇ္ဈိမကို ပြောသည်။

AA က ပစ်ခတ်ခဲ့သော စစ်ရေးပစ်မှတ် ‌ နောက်တခုဖြစ်သည့် အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းသို့ လက်နက်ကြီးကျ​ရောက်​ပေါက်ကွဲမှုတွင် အရာရှိတဦး သေဆုံး​သွား​ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

“ဆက်သွယ်​ရေးတပ်မှာက လူအများကြီးမရှိဘူး၊ ငါးယောက်​လောက်ပဲရှိတာ။ အရာရှိ​ကျတာ အရာရှိကျသွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ သေဆုံးမှုရှိ၊ မရှိကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

လက်နက်ကြီးပစ်ခတ်ခံရမှုသတင်းကို အပြင်မပေါက်ကြားစေရန် တပ်တွင်းသတင်း ဖုံးထားကြောင်းလည်း နပခနှင့်နီးစပ်သော မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။

မြို့ကိုးမြို့ကို သိမ်းပိုက်ထားသော ရက္ခိုင့်တပ်တော် (AA) သည် အမ်းမြို့နှင့် မကွေးတိုင်းနယ်စပ်က အဓိကလမ်းမကြီး၏ အမ်း-ပဒါန်းလမ်းပိုင်းကို ပိတ်လိုက်ပြီးနောက် စစ်ဌာနချုပ်ကို တိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့သည်။

ထိုသို့ပစ်ခတ်ခံရပြီးနောက် အမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေး လေယာဉ်တစီး နှစ်ကြိမ်လှည့်လည်ပျံသန်းခဲ့ကြောင်း အမ်းမြို့ပေါ် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“ ဒီနေ့ နေ့လယ်က နှစ်ခေါက်တောင်(စစ်ကောင်စီ၏)ဂျက်ဖိုက်တာဝဲတယ်၊ (လေယာဉ်ပေါ်က) ပစ်သံတော့ မကြားသေးဘူး” ဟု မြို့ခံက ပြောသည်။

ယနေ့တိုက်ခိုက်မှု အခြေအနေနှင့် ပက်သတ်၍ AA ပြောရေးဆိုခွင့်ရသူ ခိုင်သုခကို မဇ္စျိမက ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ် မရခဲ့ပါ။

နပခ စစ်ရုံးချုပ်ကို မတိုက်ခိုက်မီ ဧပြီလ ၃ ရက်နေ့မှ စတင်ပြီး အမ်းမြို့နှင့် မိုင် ၂၀ ခန့်အကွာက ကဇူးကိုင်းဒေလီတံတားအနီးရှိ တောဟိန်းတောာင် ဗျူဟာကိုလည်း အာရက္ခတပ်တော် (AA) က တိုက်ခိုက်နေသည်။

ထို့အပြင်ယမန်​နေ့ (ဧပြီလ ၉ ရက်) က အမ်းမြို့အခြေစိုက် အမှတ် (၃၇၃) တပ်ရင်းမှ ပစ်ခတ်မှု​ကြောင့် အမ်းမြို့နယ်၊ ကြောင်ဖြူကွင်း​ကျေးရွာမှ မောင်နေထူးနိုင် (အသက် ၁၀ နှစ်) သည် လက်နက်ကြီးကျည် ထိမှန်ပြီး​ သေဆုံးသွား​ခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရခိုင်မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့များနှင့် ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝဒေတို့ကို သိမ်းထားသည်။

စာတည်း။ ။ နောင်နောင်