တောင်အာဖရိက ဘောလုံးသမားကို သတ်ဖြတ်မှုအတွက် ရဲတပ်ဖွဲ့က ၆ ဦးကို ဖမ်းဆီး

By PKThawn

နာမည်ကြီး ဂျိုဟန်နက်စ်ဘတ်ကလပ် ကိုင်ဇာချိဖ်စ်မှာ ကစားခဲ့တဲ့ ဘောလုံးကစားသမား လုကာ ဖလောစ်ကို သတ်ဖြတ်မှုအတွက် သံသယရှိသူ ခြောက်ဦးကို တောင်အာဖရိက ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ယင်းက ပြောပါတယ်။

အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားဟာ မြို့ရဲ့ အနောက်မြောက်ပိုင်း ဆင်ခြေဖုံးက ဓာတ်ဆီဆိုင်မှာ ကားကို အားဖြည့်နေစဉ် ပြီးခဲ့တဲ့ သီတင်းပတ်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတာပါ။ ဒါဟာ ရာဇတ်မှုကြီးစိုးနေတဲ့ နိုင်ငံကို တုန်လှုပ်သွားစေတဲ့ နောက်ဆုံးဖြစ်ရပ်ဖြစ်ပါတယ်။

“ပြန်ပေးဆွဲမှုနဲ့ လူသတ်မှုအတွက် သံသယရှိသူ ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်”လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူမာဗီလာ မာဆွန်ဒို (SAPS) က ပြောပါတယ်။

ဖလောစ်ကို ကားပေါ်က ဆင်းဖို့ အမိန့်ပေးခဲ့တဲ့ အမည်မသိသေနတ်သမားတွေ ချဉ်းကပ်လာချိန်မှာ သူဟာ ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ဖို့ သူ့ရဲ့ Volkswagen Golf 8 GTI အတွင်း စောင့်ဆိုင်းနေခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖလော်စ်ဟာ ကားပေါ်က ဆင်းလာအပြီးမှာ သေနတ်သမားတွေက သူ့ကို ပစ်သတ်လိုက်ပါတယ်။ အဲဒီနောက် သူတို့ဟာ ဖလော်စ်ရဲ့ကားနဲ့ ထွက်ပြေးသွားခဲ့ပါတယ်။

စုံထောက်တွေဟာ ဖလော်စ်ရဲ့ကားကို ပြန်ရယူခဲ့အပြီး နှစ်ရက်အကြာမှာ ဖမ်းဆီးမှုကို ဂျိုဟန်နက်စ်ဘာ့ဂ် အနောက်တောင်ပိုင်းမြို့နယ် ဆိုဝေတိုမှာ ဗုဒ္ဓဟူးနေ့အစောပိုင်းက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မာဆွန်ဒိုက ပြောပါတယ်။

သံသယရှိသူတွေဟာ ဂျိုဟန်နက်စ်ဘာ့ဂ်ရဲ့ ဂေါင်တန်စီရင်စုက တခြားကားပြန်ပေးဆွဲမှုတွေကို ကျူးလွန်တဲ့ ရာဇဝတ်ဂိုဏ်းတခုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ကြပါတယ်။

“သံသယရှိသူတွေကို နောက်ထပ်ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်”လို့ မာဆွန်ဒိုက ပြောပါတယ်။

တောင်အာဖရိကနိုင်ငံဟာ မေလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် အဓိကနိုင်ငံရေးပြဿနာဖြစ်တဲ့ အကြမ်းဖက်ရာဇဝတ်မှုနှုန်း မြင့်တက်လာမှုကို ရင်ဆိုင်နေရပြီး အစိုးရရဲ့ ဖြေရှင်းမရတဲ့ ရှုံးနိမ့်မှုကို အတိုက်အခံပါတီတွေက ထောက်ပြကြပါတယ်။

နိုင်ငံဟာ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း တရလျှင် လူသတ်မှုပေါင်း ၈၄ မှုနီးပါး မှတ်တမ်းတင်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုင်ဇာချိဖ်စ်အသင်းဟာ တောင်အာဖရိကရဲ့ ထိပ်တန်းကလပ်တွေထဲက တသင်းဖြစ်ပြီး ပြည်တွင်းဆုဖလားပေါင်း ၅၃ လုံး စံချိန်တင်ဆွတ်ခူးထားပါတယ်။

(AFP)