ချယ်လ်ဆီးပရိသတ်တွေရဲ့ ဒေါသကို နားလည်တယ်လို့ ပိုချက်တီနို ပြော

By PKThawn

ပြီးခဲ့တဲ့အပတ်က ဘရန့်ဖို့ဒ်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ချယ်လ်ဆီးပရိသတ်တွေက သူ့ကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ပြီးနောက် မော်ရီစီယို ပိုချက်တီနိုက ပရိသတ်တွေ စိတ်ပျက်ခဲ့သလို သူ့အနေနဲ့လည်း “အလားတူ အနေအထား”မှာရှိနေနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အင်္ဂလန်မှာ ဆုတံဆိပ်မရယူနိုင်ဖူးသေးတဲ့ စပါးနဲ့ ပီအက်စ်ဂျီနည်းပြဟောင်းအတွက် စိတ်ပျက်စရာ ပထမရာသီမှာ လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာပါ။

တနင်္လာနေ့မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ဖို့ ဒဏ်ရာပြဿနာတွေရှိတဲ့ အသင်းကို ပြင်ဆင်နေတဲ့ အာဂျင်တီးတိုင်းနည်းပြက သူအနေနဲ့ “ဝေဖန်မှုတွေကို လက်ခံ”ရမယ်လို့ ပြောပါတယ်။

“ကျနော်တို့ဟာ ကစားပုံနဲ့ ရလဒ်ပိုင်းအနေနဲ့ တိုးတက်အောင် ကြိုးစားဖို့ လိုအပ်ပြီး ဒီခံစားချက်ကို ပြောင်းလဲဖို့ ကြိုးစားရမှာပါ”လို့ သူက ကြာသပတေးနေ့ သူ့ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“တနင်္လာနေ့ပွဲမှာ ပရိသတ်တွေက ကျနော်တို့နောက်မှာ ခိုင်ခိုင်မာမာရှိနေမှာဖြစ်သလို အသင်းကို အနိုင်ရအောင် ကူညီပေးလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။

“ဒါပေမဲ့ အဲဒါက ဘောလုံးမှာဖြစ်တတ်တယ်လို့ ကျနော်တို့ လက်ခံဖို့ လိုအပ်တယ်။ ကျနော်က ပရိသတ်တယောက်ဖြစ်ခဲ့ရင် သူတို့နဲ့ အလားတူဖြစ်ရပ်မျိုးဖြစ်ပါလိမ့်မယ်။ ဒါက ချယ်လ်ဆီးက ဖြစ်နေတာကြောင့် ကျနော်တို့ မျှော်လင့်ထားတာနဲ့ မကိုက်ညီဘူး။”

အသက် ၅၂ နှစ် ပိုချက်တီနိုဟာ ငွေကြေးအများအပြားသုံးစွဲမှုဖြင့် ဆုဖလားတွေရယူလေ့ရှိတဲ့ ကလပ်ကို ပြန်လည်တည်ဆောက်ဖို့ ပျက်ကွက်ခဲ့ပြီး သူ့ရဲ့ နည်းပြရာထူးကို ခြိမ်းခြောက်ခံနေရတယ်လို့ ထင်ကြေးတွေ မြင့်တက်လာနေပါတယ်။

နောက်ခံလူ ဘင်ချီဝဲလ်ဟာ ဒူးဒဏ်ရာပြဿနာကြောင့် အနားယူရမယ့် နောက်ဆုံးကစားသမားဖြစ်ပါတယ်။

ပိုချက်တီနိုက “အမြဲတမ်းတခုခုရှိနေပါတယ်။ ဒဏ်ရာကင်းတဲ့ လူစာရင်းနဲ့ လုပ်ကိုင်ခွင့်ကို အခြေအနေက ကျနော်တို့ကို ဘယ်တော့မှ အခွင့်မပေးပဲ ‘လာ၊ အခု ပြိုင်ပွဲဝင်ကြမယ်’လို့ ပြောခွင့်မရတဲ့အတွက် အရမ်းစိတ်ပျက်စရာနဲ့ စိတ်ရှုပ်စရာပါ… ဒါပေမယ့် အခြေအနေတွေကို လက်ခံဖို့လိုတယ်၊ အရမ်းကို ကံမကောင်းလှတာပါ။”

ပြီးခဲ့တဲ့လက လိဂ်ဖလားဖိုင်နယ်မှာ လီဗာပူးကို ရှုံးနိမ့်ခဲ့ရာမှာ စိတ်ပျက်လက်ပျက်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ကလပ်အသင်းကို သူ့အနေနဲ့ အပြောင်းအလဲတွေ လုပ်နိုင်မယ်လို့ ယုံကြည်နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော့်အတွက်ကတော့ ယုံကြည်မှုပါပဲ”လို့ သူက ပြောပါတယ်။ “အခြေအနေအားလုံးကို ခွဲခြမ်းစိတ်ဖြာမယ်ဆိုရင် ကျနော်တို့တွေ အောင်မြင်နိုင်မယ်လို့ ကျနော် တကယ်ယုံကြည်ပါတယ်။ ဒီပြဿနာတွေအားလုံးနဲ့အတူ ကျနော်တို့ ဗိုလ်လုပွဲရာက်ခဲ့တဲ့ အခြေအနေက ဒီနေရာမှာ ရှိပါတယ်၊ ကျနော်တို့ ပထမဆုံးဆုဖလားအတွက် တိုက်ပွဲဝင်နေခဲ့ပြီး မိနစ် ၉၀ အပြီးမှာ ပွဲကို အနိုင်ရဖို့ ကျနော်တို့ အပြည့်အဝ ထိုက်တန်ခဲ့တယ်။

“ကျနော်တို့ဟာ ဘရိုက်တန်၊ နယူးကာဆယ်လို အသင်းတွေကို အနိုင်ယူပြီးတက်လာတာပါ။”

တော့ဘိုလေရဲ့ Clearlake Capital လုပ်ငန်းစု ပိုင်ဆိုင်မှုအောက် သူတို့ရဲ့ ပထမဆုံးရာသီပြည့် ၂၀၂၃ ဇွန်လအထိ ၁၂ လအတွင်း အခွန်မဆောင်ခင် ပေါင် ၉၀.၁ သန်း (ဒေါ်လာ ၁၁၅ သန်း) ဆုံးရှုံးခဲ့တယ်လို့ ချယ်လ်ဆီးအသင်းက ကြာသပတေးနေ့အစောပိုင်းက ကြေညာခဲ့ပါတယ်။

အရင်နှစ်က အရှုံးပေါ်ခဲ့တဲ့ ပေါင် ၁၂၁.၄ သန်းထက် တိုးတက်ကောင်းမွန်လာတဲ့ ဒီကိန်းဂဏန်းကို ဦးပိုင်ကုမ္ပဏီ BlueCo ရဲ့ အကောင့်တွေမှာ တင်ပြထားခဲ့တာပါ။

ပရီးမီးယားလိဂ်စည်းမျဉ်းတွေအရ ကလပ်အသင်းတသင်းအနေနဲ့ သုံးနှစ်တာကာလအတွင်း ပေါင် ၁၀၅ သန်းထက် မပိုစေဘဲ ရှုံးခွင့်ရှိတာကြောင့် လာမယ့် လတွေမှာ ကစားသမားရောင်းချမှုတွေ ထပ်မံလိုအပ်လာဖွယ်ရှိပါတယ်။

(AFP)