စစ်ဗိုလ် ၅ ဦး သေဆုံးသွားသည့် ပစ်ချခံလိုက်ရသော ရဟတ်ယာဉ်ပျက် ရုပ်သံဖိုင်ထွက်ပေါ်

မဇ္ဈိမ

တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ရဟတ်ယာဉ်ပေါ် ပါလာသူ စစ်ဗိုလ်ငါးဦး သေဆုံးသွားသည့် ပစ်ချခံလိုက်ရသော ရဟတ်ယာဉ်ပျက်ကို KNU လက်အောက်ခံ Cobra စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ဒါဘော ကြည့်ရှုနေသည့် ရုပ်သံတခု ယမန်နေ့ (ဧပြီလ ၉) ရက်နေ့တွင် ထွက်ပေါ်လာသည်။

ယင်းလေယာဉ်သည် မကြာခင်ရက်ပိုင်းက KNU ဦးဆောင်သည့် ပူးပေါင်းတပ်လက်ထဲကို ကျရောက်သွားသော သင်္ကန်းညီနောင်အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန် လာရောက်စဉ် ဇန်နဝါရီလ ၂၉ ရက်နေ့က ပစ်ချခံလိုက်ရသည့် ရဟတ်ယာဉ် ဖြစ်သည်။

ထိုစဉ် ရဟတ်ယာဉ်အား ပစ်ချခဲ့သည့် ရုပ်သံမှတ်တမ်းကို KNUနှင့် Cobra Column တပ်ခွဲ (၄)က ထုတ်ပြန်ခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင်ပါသည့် တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်၊ ခမရ (၉) တပ်ရင်းမှူး ဗိုလ်မှူးစိုးလွင်ထွန်း၊ ရဟတ်ယာဉ်မှူး ဗိုလ်မှူးတိုးဦးနှင့် ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက တရားဝင် ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးချုပ်အေးမင်းနောင်သည် စစ်တက္ကသိုလ်အပတ်စဉ်(၄၁)ကျောင်းဆင်းဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလယ်တွင် တပ်မ(၄၄)တပ်မမှူးအဖြစ် စစ်ကောင်စီက တာဝန်ပေးအပ်ခဲ့သူ ဖြစ်သည်။

ပစ်ချခံရသည့် ရဟတ်ယာဉ်သည် ပြင်သစ်နိုင်ငံထုတ် Eurocopter AS 365 Dauphin အမျိုးအစားဘက်စုံသုံးရဟတ်ယာဥ်ဖြစ်ပြီး အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် တော်လှန်ရေးနေ့တွင် တပ်တော်ဝင်ခဲ့သည့် ရဟတ်ယာဉ်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောသည်။

စာတည်း။ ။ နောင်နောင်

Video file- #crd