နောင်ချို ကျောက်ကြမ်းကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး

နောင်ချို ကျောက်ကြမ်းကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး

TNLA နှင့် MDY-PDF ပူးပေါင်းအဖွဲ့ ဝင်များနှင့်သိမ်းဆည်းရရှိလက်နက်များအားတွေ့ရစဉ်

MTO (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ ကို အောက်တိုဘာလ ၂၉ ရက်နေ့ မနက် ၄ နာရီ ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးပြီး လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း TNLA အဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအလောင်း ခြောက် လောင်း၊ လက်နက် ခုနစ် လက်၊ 60 MM မော်တာ တလုံး၊ လက်နက်ခဲယမ်းများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည် ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုကို တအောင်းတပ်မတော် (PSLF/TNLA) အဖွဲ့ နှင့် MDY-PDF အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာ အနီးတွင်လည်း ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ မနက် ၅နာရီ အချိန်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် တအောင်းတပ်မတော် အဖွဲ့၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကိုလည်း အသိပေးထားသည်။

ယခုစစ်ရေးကာလအတွင်း ပြည်သူများအနေဖြင့် လုံခြုံရေးအရ စစ်ရေးတင်းမာနေသည့် နေရာများ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသို့ ခရီးသွားလာခြင်းများ မပြုလုပ်ရန် နင့် မဖြစ်မနေ သွားလာဖို့ လိုအပ်ပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ နှင့် တပ်ရင်း တပ်ဖွဲ့များသို့ သတင်းပို့ ခွင့်ပြုချက်တောင်း ခံသွားရန် TNLA အဖွဲ့က အသိပေးထားသည်။

မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့ နှင့် နွေဦးတော်လှန်ရေးကာလ ပေါ်ပေါက်လာသော တော်လှန်ရေး တပ်ဖွဲ့ များသည် အောက်တိုဘာလ ၂၇ ရက်နေ့ မှ စတင်ကာ စစ်ဆင်ရေး ၁၀၂၇ စတင်ကြောင်း ကြေညာပြီးနောက် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်စခန်းကို ၄၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး