ညောင်လေးပင်တွင် လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦး သေဆုံး၊ လေယာဉ်ဗုံးကြဲမှုကြောင့် PDF ၄ ဦး ဒဏ်ရာရ

ပုံအညွှန်း- စစ်ကောင်စီ တိုက်ခိုက်ရေးသုံး လေယာဉ်များအား တွေ့ရစဉ်

ပုံအညွှန်း- စစ်ကောင်စီ တိုက်ခိုက်ရေးသုံး လေယာဉ်များအား တွေ့ရစဉ်

YT

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ညောင်လေးပင် မြို့နယ်တွင် စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ကောက်မယ်သူကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

ညောင်လေးပင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၂၀)က ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

” နေ့ခင်းက ညောင်လေးပင် မ (၂၀) က ၁၂၀ မမ လှမ်းပစ်တာ။ ညောင်လေးပင်မြို့နယ်၊ကောက်မယ်သူရွာထဲ ကျရောက်ပေါက်ကွဲတယ်။ ကလေးငယ်တဦး နေရာမှာတင်သေတယ်။ လေယာဉ်ကြဲတဲ့အချိန်နဲ့ တချိန်းတည်းပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံထံက သိရသည်။

ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်က ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့နယ်၊ ဘုရားကြီးရွာအနီးရှိ ကေလာသနှင့် ကျွန်းပင်တောစခန်း(စစ်ကောင်စီစခန်းအဟောင်း) သို့ စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF ရဲဘော်လေးဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

” နေ့လယ်က ရွှေကျင်၊ ဘုရားကြီးနားမှာ လေယာဉ်ကြဲတာ PDF ရဲဘော်လေးယောက် ထိတယ်။ တယောက်က စိုးရိမ်ရတယ်။ နေရာက ကားလမ်းဘေးမှာပဲ။ အရင် စကစ စခန်းဟောင်းနေရာလို့ ပြည်သူတွေဆီကနေ သိရပါတယ်။ နှစ်ကြိမ်တောင် လာကြဲတာ။ အပေါ်ကနေ သေနတ်တွေနဲ့ပါ ပစ်တာ။ အစ်ကိုတို့ အကုန်ကြားနေရတယ်” ဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ထိခိုက်ဒဏ်ရာရ ရဲဘော်လေးဦးသည် လက်ရှိတွင် ဆေးကုသမှု ခံယူနေကြပြီး ဒဏ်ရာရသူများအနက် တဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

” စခန်းရုံးပေါ်ကိုတည့်တည့်ကျတာ။ ဘာမှပြန်မရတော့ဘူး။ လက်နက်ကျည်ဆန်ရိက္ခာအားလုံးကုန်ပါသွားတယ်။ ခုသူတို့အတွက်စားစရာနဲ့ဝတ်စရာအရေးပေါ်လိုနေတယ်” ဟု ရွှေကျင်မြို့ခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အလားတူပင် ယနေ့ နေ့လယ်ပိုင်း၌ ရွှေကျင်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်းများက ရွှေကျင်မြို့နယ်၊ သရက်ချောင်းကျေးရွာသို့ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရပြီး ထိခိုက်၊ ပျက်စီးမှုများအသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး