မှတ်ပုံမတင်သည့်ပုဂ္ဂလိကကျောင်းများ ပိတ်သိမ်းမည်ဟု စစ်ကောင်စီကြေညာ

ပညာရေးဝန်ကြီးဌာန

001

မဇ္စျိမ။ ။ စစ်ကောင်စီက ၂၀၂၃ ခုနှစ် မေလက ပြဌာန်းခဲ့သည့် ပုဂ္ဂလိကပညာရေးဥပဒေအရ မှတ်ပုံပြန်မတင်သည့်ကျောင်းများကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ပုဂ္ဂလိက အခြေခံပညာကျောင်းများ၊ ဘာသာစကားသင်တန်းကျောင်းများအပါအဝင် ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းများ၊ ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာပညာရေးနှင့်လေ့ကျင့်ရေးကျောင်းများအနေဖြင့် ဧပြီလ ၁၂ ရက်နေ့ နောက်ဆုံးထား မှတ်ပုံတင်လျှောက်ထားရန် ထုတ်ပြန်ထားသည်။

မှတ်ပုံတင်ကြေးမှာ ငါးနှစ်စာအတွက် ကျပ် သိန်း ၆၀၊ နှစ်စဉ်ကြေးမှာ ကျပ် သိန်း ၅၀ စုစုပေါင်း ကျပ်သိန်း ၁၁၀ ဖြစ်သည့်အတွက် တနိုင်တပိုင်ထူထောင်သည့် ကျောင်းများကို အခက်တွေ့စေကြောင်း ရခိုင်ပြည်နယ်မှ ကိုယ်ပိုင်ကျောင်းတည်ထောင်သူတဦးကပြောသည်။

“သဘောတရားက မှတ်ပုံတင်ကြေးက ငါးနှစ်စာအတွက် သိန်း ၆၀ ပေါ့နော်။ နှစ်စဉ်ကြေးကကျတော့ နှစ်တိုင်း နှစ်တိုင်း သွင်းရမယ်။ သူတို့ ပထမတချက်က မှတ်ပုံတင်ကြေးတို့၊နှစ်စဉ်ကြေးတို့များတော့ တနိုင်တပိုင်ထူထောင်မယ့် ကျောင်းတွေအတွက်ကကျတော့ အဆင်မပြေတော့ဘူးပေါ့ဗျာ။ အောင်မြင်ပြီးသားကျောင်းတွေ တနှစ်ကို ကျောင်းသား ၁၀၀ ၊ ၂၀၀ စသည်ဖြင့် ရတဲ့ကျောင်းတွေကျတော့ ကိစ္စမရှိပေမယ့် ဒီနှစ်မှစပြီး တနိုင်တပိုင်လေးလုပ်ပြီးကြိုးစားမယ်ဆိုတဲ့ ကျောင်းလေးတွေအတွက်က အဆင်မပြေတော့ပါဘူး” ဟု ဆိုသည်။

ထို့ပြင် မှတ်ပုံတင်လျှောက်ထားရာတွင် ရင်းနှီးမြှုပ်နှံမှုလိုင်စင်၊သီးခြားကုမ္ပဏီတည်ထောင်ရန်စသည်တို့လိုအပ်သည့်အတွက် အပိုကုန်ကျမှုများလည်းရှိကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီက ယခင်က မှတ်ပုံတင်လျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက်ကို မတ်လ ၈ ရက်နေ့ သတ်မှတ်ခဲ့သော်လည်း ပုဂ္ဂလိက ကျောင်းကြီးအချို့သည်ပင် လျှောက်လွှာတင်သွင်းခြင်းမရှိသေးသည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း စစ်ကောင်စီပညာရေးဒုဝန်ကြီး ‌ဒေါက်တာဇော်မြင့်က မတ်လ ၂၈ ရက်နေ့က ပြောဆိုခဲ့သည်။

ပုဂ္ဂလိကကျောင်းများအပေါ် ထိန်းချုပ်ကန့်သတ်မှုများပါဝင်သည့် ပုဂ္ဂလိကပညာရေးဥပဒေကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့က လက်မှတ်ရေးထိုးပြဌာန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေအရ ပုဂ္ဂလိကကျောင်းများ၏ တည်ထောင်ခွင့်၊ ပိတ်သိမ်းခွင့်၊ သင်ရိုးညွှန်းတမ်းတို့ကို စစ်ကောင်စီ ကြီးကြပ်ရေးအဖွဲ့၏ ထိန်းချုပ်မှုများအောက်တွင် ဆောင်ရွက်ရမည်ဖြစ်သည်။

ပါတီနိုင်ငံရေးဆိုင်ရာအကြောင်းအရာများနှင့် နိုင်ငံရေးအကြောင်းအရာများကို ဟောပြောပို့ချခြင်း၊ ထည့်သွင်းပြောကြားခြင်း၊ သင်ကြားခြင်းနှင့် ဆွေးနွေးခြင်းများ မလုပ်ဆောင်ရန်နှင့် မလိုက်နာပါက ထောင်ဒဏ် ခြောက်လမှတနှစ်၊ ငွေဒဏ်ကျပ်သိန်း ၃၀ မှ ၅၀ စသည့် ပြစ်ဒဏ်များကျခံရမည်ဟု ယင်းဥပဒေတွင် ပြဌာန်းထားသည်။

ထို့ပြင် မှတ်ပုံတင်မရှိဘဲ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတည်ထောင်ဖွင့်လှစ်ပါက ထောင်ဒဏ် တနှစ်မှ နှစ်နှစ်အထိ ၊ ငွေဒဏ် ကျပ်သိန်း ၃၀၀ မှ ၅၀၀ အထိချမှတ်မည်ဟုလည်း ရေးဆွဲထားသည်။

စစ်အာဏာမသိမ်းခင်က ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ တနိုင်ငံလုံးတွင် ဖွင့်လှစ်ခွင့်ပြုထားသည့် ပုဂ္ဂလိကကျောင်းပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း သိရသည်။ စစ်ကောင်စီထံ လက်ရှိ မှတ်ပုံတင်လက်မှတ်လျှောက်ထားသည့် ပုဂ္ဂလိကကျောင်းအရေအတွက်ကိုမူ မသိရှိရသေးပေ။

စာတည်း – အေးချမ်း