မြ၀တီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုက လူနေရပ်ကွက်အတွင်း မီးလောင်ပေါက်ကွဲမှုများဖြစ်

ရုပ်သံအညွှန်း- (၁) မြဝတီကို လေကြောင်းတိုက်ခိုက်သည့် လေယာဉ်တစင်း၊ (၂)/(၃)- လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်နေသည့် နေရာ (ရုပ်သံ- ပေးပို့)

YT

(မဇ္ဈိမ)။ ။ တိုက်ပွဲများတကျော့ပြန်ဖြစ်ပွားနေသော မြ၀တီမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ၊ စက်သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူနေရပ်ကွက်များအတွင်း မီးလောင်ပေါက်ကွဲမှုများရှိခဲ့သည်ဟု ဒေသခံများအပြောအရ သိရသည်။

ထိုင်း – မြန်မာနှစ်နိုင်ငံဆက်သွယ်ထားသော အမှတ် (၂) တံတား၏ မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်ခဲ့ပြီးနောက်မြ၀တီမြို့တွင် Y-12 လေယာဉ်၊ Mi-35 ရဟတ်ယာဉ်တို့ဖြင့် မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲအကျော်ကစတင်၍ ဗုံးကြဲ၊ စက်သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုများဖြစ်ပေါ်ကာ နေရာအချို့တွင် မီးလောင်ကျွမ်းနေခဲ့သည်။

ရေပူ (မြို့ထဲ အဝင်ဘက် မြေနီကုန်းဘက်ခြမ်း)၊ မဟာစည်၊ သံတံတား၊ (၁၃) ဂိတ်တို့တွင်ပေါက်ကွဲမှုများရှိနေခဲ့ပြီး အနည်းဆုံးနှစ်နေရာတွင် မီးလောင်ခဲ့သည်။ သို့သော် မီးငြိမ်းသတ်ရန် မီးသတ်ကားများ လာရောက်နိုင်ခြင်းမရှိပါ။

” လေယာဉ်က ပတ်ပတ်ပြီးတော့ ကြဲနေတာပဲ။ ဝဲသွားလိုက် ပစ်ချသွားလိုက် ပြန်ဝဲသွားလိုက်နဲ့ လုပ်နေတာ။ အလုံးကြီးတွေ နည်းနည်းနောနောမှ မဟုတ်တာ။ ညီမတို့ အိမ်ရှေ့မှာကျပြီး မီးတွေလောင်နေတယ်။ အလုံးက သုံးလုံးတွဲ သုံးလုံးတွဲ ကျသွားတာ။” ဟု တံတား(၂) နှင့်နီးသော ရေပူအထွက်နေ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမသို့ပြောသည်။

မြန်မာဘက်အမှတ် (၂) တံတားအောက်၌ ပုန်းခိုနေသည့် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ (၂၇၅) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်ပြည်သူ့ကာကွယ်ရေးတပ်များပါဝင်သော ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများယမန်နေ့ ည ၁၁ နာရီခွဲကစတင်ခဲ့သည်။

ဝိုင်းပတ်တိုက်ခံနေရသည့် စစ်ကောင်စီတပ်တွင် သေဆုံးနှင့်ဒဏ်ရာရမှု များသည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။

ဒေသခံများက မဇ္ဈိမသို့ပေးပို့လာသော ဗီဒီယိုရုပ်ကတ်များတွင် စစ်ရဟတ်ယာဉ်မှပစ်ခတ်မှုများနှင့် လေယာဉ်ဗုံးကြဲမှုကြောင့် ပေါက်ကွဲမှုနှင့်အတူ မီးခိုးလုံးကြီးများထွက်ပေါ်လာသည်ကိုတွေ့ရသည်။

မြ၀တီဘက်က လက်နက်ကြီးသံများနှင့် ဗုံးပေါက်ကွဲသံများကို ထိုင်းနိုင်ငံ မဲဆောက်မြို့မှသည် ကြားနေရသည်။ ယခုသတင်းပေးပို့ချိန် မြန်မာစံတော်ချိန် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် လေယာဉ်ပျံဝဲနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုင်းသတင်းဌာန Khaosod သတင်းတပုဒ်အရ ယနေ့နံနက်တွင် ထိုင်းဘက်ကမ်းသို့ စစ်ဘေးတိမ်းရှောင်လာသူ ၂၇၀ ကျော်ရှိသည်ဟုဆိုသည်။ ထိုင်းနိုင်ငံဘက်ခြမ်းသို့ဝင်ရောက်ခွင့် စောင့်ဆိုင်းနေသူများလည်း ရှိနေသည်။

မြ၀တီတွင် လျှပ်စစ်မီးနှင့် မြန်မာတယ်လီဖုန်းလိုင်းများပြတ်တောက်နေရာ အင်တာနက်နှင့် တယ်လီဖုန်းလိုင်းအတွက် WiFi နှင့် ထိုင်းတယ်လီဖုန်း၊ ထိုင်းအင်တာနက်များကို အားကိုးနေရသည်။

မြ၀တီမြို့စောင့်တပ်ဖြစ်သော ခလရ (၂၇၅) သည် တော်လှန်ရေးတပ်များ၏ ထိုးစစ်ကြောင့် စခန်းမှထွက်ပြေးကာ နှစ်နိုင်ငံပိုင်းခြားထားသော သောင်ရင်းမြစ်ကမ်း၊ ခြံစည်းရိုးဘေးတွင် ပုန်းခိုနေခဲ့ခြင်းဖြစ်သည်။ အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို လက်နက်ချရန် ကမ်းလှမ်းခဲ့သော်လည်း ဘားအံဘက်မှတက်လာသော စစ်ကူစောင့်ဆိုင်းနေခဲ့သည်မှာ ၁၀ ရက်ကြာပြီဖြစ်သည်။

ခလရ (၂၇၅) စွန့်ခွာမှုနောက်ပိုင်း ခြံစည်းရိုးဘေးက စစ်ကောင်စီတပ်များကို ဒရုန်းများဖြင့် တိုက်ခိုက်မှုမှအပ ဧပြီ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ထိပ်တိုက်ရင်ဆိုင်ပွဲများရပ်စဲသွားခဲ့ပြီး ယမန်နေ့ညကစတင်၍ တိုက်ပွဲပြန်ဖြစ်လာခဲ့သည်။