လေးကေ့ကော်မြို့သစ်ရှိ ဗျူဟာစခန်းသို့ လေထီးဖြင့်ချပေးသော ပစ္စည်းအချို့ တော်လှန်ရေးရဲဘော်များထံရောက်ရှိ

သွင်ထူးဈာန်

(မဇ္ဈိမ/ကော်သူးလေ)။ ။ တလကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ခံနေရသော လေးကေ့ကော်မြို့သစ်အတွင်းရှိ စစ်ကောင်စီတပ် ဗျူဟာစခန်းကုန်းကို လေယာဉ်ဖြင့်ချပေးသောထောက်ပို့ပစ္စည်းများကို ကြားဖြတ်ရယူနိုင်ခဲ့သည်ဟု တော်လှန်ရေးရဲဘော်များက ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်း လေးကေ့ကော်မြို့သစ်အတွင်းရှိ စွယ်တော်ဗျူဟာစခန်းကို မတ်လဒုတိယအပတ်မှ စတင်ကာ တော်လှန်ရေးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားချိန်တွင် ခဲယမ်းမီးကျောက်၊ ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများကို လေကြောင်းမှပေးပို့နေရသည်။

မြ၀တီ-ဝေါလေကားလမ်းကို ထိန်းချုပ်နိုင်မည့် နောက်ဆုံးလက်ကျန်စခန်းကုန်းအတွက် ပစ္စည်းများကို ဧပြီ ၁၉ ရက်နေ့ ည ၈ နာရီဝန်းကျင်က Y-12 လေယာဉ်မှ ပစ္စည်းများကို ၁၀ ကြိမ်ထက်မနည်း လေထီးများဖြင့်ချပေးရာ အချို့ကို တော်လှန်ရေးရဲဘော်များက ကြားဖြတ်ရခဲ့သည်။

“ ဗျူဟာကုန်းပေါ် မကျတဲ့ တချို့ပစ္စည်းတွေကို တော်လှန်ရေးအဖွဲ့တွေက ရလိုက်တာရှိတယ်။ တချို့ပစ္စည်းတွေက အထဲမှာ သဲတို့ဘာတို့ပဲပါတာ ပစ္စည်းမပါဘူး။ နေရာချတာ မှန် မမှန် စမ်းချတဲ့သဘောရှိတယ်။ ခဲယမ်းအချို့ရလိုက်တာတွေရှိတယ်”ဟု မြေပြင်ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က ပြောသည်။ လေထီးကျပစ္စည်းများကောက်စဉ်တွင် နှစ်ဘက်ပစ်ခတ်မှုမှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။

ကရင်နီဒေသတွင် ကြားဖြတ်ရရှိခဲ့သော လေထီးကျပစ္စည်းများတွင်လည်း သဲများပါဝင်သည်ကို တွေ့ခဲ့ရဖူးသည်။

ယနေ့တွင် စွယ်တော်ဗျူဟာကုန်းဘက်မှ လေးကေ့ကော်မြိုသစ်နှင့် ထီမယ်ဝါးခီးတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့သည်။

လေးကေ့ကော်မြို့သစ်ရှိ ရေကန်ကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) ဦးဆောင်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက မတ်လ ၃၁ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ရာ စစ်ကောင်စီတပ် ဗိုလ်မှူးအဆင့်ရှိသူတဦးအပါအဝင် အလောင်းအချို့ကိုတွေ့ရှိခဲ့ကြသည်။

မြဝတီ-ဝေါလေကားလမ်းကို နယ်မြေစိုးမိုးနိင်သည့် စစ်စခန်းကုန်းများတွင် စွယ်တော်ဗျူဟာစခန်းကုန်းတခုသာ ကျန်ရှိခဲ့ပြီး ယင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါက မြဝတီ-ဝေါလေကားလမ်းမကို အလုံးစုံထိန်းချုပ်နိုင်မည်ဖြစ်သည်။

မြဝတီမြို့အနီးရှိ သင်္ကန်းညီနောင်နယ်မြေမှ ခြေမြန်တပ်ရင်း ခမရ (၃၅၅) ၊ (၃၅၆) ၊ (၃၅၇) ၊ ဗျူဟာစခန်းကုန်းနှင့် သင်္ကန်းညီနောင်ရဲစခန်းတို့အပြင် မြဝတီမြို့ မြို့စောင့်တပ်ဖြစ်သည့် ခြေလျင်တပ်ရင်း ခလရ (၂၇၅) တို့ကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။

ခလရ (၂၇၅) မှ ထွက်ပြေးသွားသည့် အင်းအား၁၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်က လက်နက်မချဘဲ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) အောက် သောင်ရင်းမြစ်ကမ်းပါးတွင် ခိုလှုံနေရာ တော်လှန်ရေးပူးပေါင်းတပ်က ယမန်နေ့ညကစ၍ ဝိုင်းပတ်တိုက်ခိုက်ခံနေရရာ အသေအပျောက်များစွာရှိနေသည်ဟု သတင်းများထွက်ပေါ်သည်။