လွိုင်ကော်တွင် လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦးသေဆုံး

ပုံအညွှန်း-ကုန်းသာရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းသေဆုံးသွားသူများ (ဓါတ်ပုံ- KNGY)

ပုံအညွှန်း-ကုန်းသာရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းသေဆုံးသွားသူများ (ဓါတ်ပုံ- KNGY)

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာတွင် ယနေ့ ဧပြီလ ၂၀ ရက်၌ လေကြောင်းတိုက်ခိုက်ခံရ၍ ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင် ခြောက်ဦး သေဆုံးသွားသည်ဟု မြေပြင်တွင် ကူညီကယ်ဆယ်ပေးနေသူထံမှ သိရသည်။

“တမိသားစုလုံးထိတယ်။ အိမ်ထောင်ဦးစီး တယောက်ပဲ ကျန်ခဲ့တယ်။ ကလေးတွေရဲ့ အဖေပေါ့။ သူက ရဲဘော်မို့ အိမ်မှာမရှိလို့လွတ်တာ” ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသူများမှာ (အသက် ၂နှစ်) မနေမ ၊ (အသက် ၆နှစ်) မဘယ်နဒ်တို့ ၊ ကလေးများ၏ အမေဖြစ်သူ (၂၇နှစ်) ၊ မညွန့် (၄၇ နှစ်)၊ ဒေါ်မွမပွမ် (အသက် ၆၀ နှစ်)ဝန်းကျင်နှင့် ဦးမောင်လူး (အသက် ၈၀ နှစ်)ဝန်းကျင်တို့ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပေါင် ၃၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ ကုန်းသာကျေးရွာရှိ နေအိမ် ၂၀ လုံး ခန့် ပျက်စီးသွားကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့အစည်း KNGY ထံမှ သိရသည်။

ဧပြီလ ၁၁ ရက် ညပိုင်းတွင်လည်း ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် လွယ်ရင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် (အသက် သုံးနှစ်) ကလေးငယ်တဦး၊ (အသက် ၁၂ နှစ်) ကလေးတဦးနှင့် (အသက် ၆၅ နှစ်) အမျိုးသမီးတို့ သေဆုံးခဲ့‌သေးသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းတည့်ချိန်တွင်လည်း ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် ၊ ဒေါဆီအိီးကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက် ၁၁ နှစ်မှ ၁၃ နှစ်အရွယ်ကြား ကလေးငယ် လေးဦး သေဆုံးခဲ့ရသေးသည်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၃ ဒီဇင်ဘာလအထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၁၆၅၂ခု ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် သုံးနှစ်အတွင်း အပြစ်မဲ့ပြည်သူ ၉၃၆ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ