စစ်ဘေးရှောင်များ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် မပတ်သက်ရန် အပါ သတိပေးချက်များ မီဇိုလူငယ်အဖွဲ့ ထုတ်ပြန်

ပုံအညွှန်း - မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်း (ဓါတ်ပုံ - Myanmar Refugee Relief Committee - Mizoram)

ပုံအညွှန်း – မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်း (ဓါတ်ပုံ – Myanmar Refugee Relief Committee – Mizoram)

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်များ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် မပတ်သက်ကြရန် အပါအဝင် သတိပေးချက်များကို မီဇိုလူငယ်အသင်းက(YMA) က ထုတ်ပြန်သည်။

အသက်အန္တရာယ်လုံခြုံရေးအတွက် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလှုံလျက်ရှိသည့် မြန်မာ ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရပြည်နယ်မှ စစ်ဘေးရှောင်များအတွက် လိုက်နာရန် ဧပြီလ ၁၈ ရက်က ထုတ်ပြန်သည့် စည်းကမ်းချက်တွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။

“ကျနော်တော့ အခုလိုထုတ်တာသဘောကျတယ် ။ ကျနော်တို့ဆီကလူတွေက စည်းကမ်းမဲ့လွန်းတယ်။ သူတို့ဆီမှာလာပြီးတော့ သူတို့လိုက်နာနေတဲ့စည်းကမ်း တွေကိုမလိုက်နာကြတော့ အခုလိုပြောတာအလွန်မဟုတ်တော့ဘူးလေ” ဟု မြန်မာ စစ်ဘေးရှောင် အမျိုးသားတဦးက မဇ္စျိမ ကိုပြောသည်။

စစ်ဘေးရှောင်များသည် ဒေသန္တရဥပဒေနှင့် မလျှော်ညီသော ကူးသန်းရောင်းဝယ်ခြင်း ၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းနှင့် ရောင်းဝယ်ဖောက်ကားမှုများ မပြုရန်နှင့် အစိုးရ ၊ ပြည်သူများနှင့် လိုက်ရောညီထွေနေထိုင်ပြုမူရန် လိုက်နာရမည့်စည်းကမ်းချက်များတွင် ဖော်ပြထားသည်။

မီဇိုရမ် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ မကြာခဏဖမ်းဆီးရမိလျက်ရှိ၍ လူများစု၏ ကောင်းကျိုးအတွက် ထုတ်ပြန်ထားသည့် သတိပေးစာကို လိုက်နာကြရန်လိုသည်ဟု မြန်မာစစ်ဘေးရှောင် အမျိုးသားကဆိုသည်။

အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် မပါဝင်ရုံမျှမက တိုက်ဖျက်ရေးတွင် လည်း ဒေသခံများနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

အစိုးရနှင့် မီဇိုလူငယ်အသင်း(ဗဟို) ၏ အသိအမှတ်ပြု ခွင့်ပြုချက်ရရှိမှသာ မြေကွက်နှင့်အိုးအိမ်ပိုင်ဆိုင်နိုင်ကြောင်းနှင့် အိမ် နှင့် ဆိုင်ခန်းဌားရမ်းရာတွင် ကာလပေါက်ဈေးထက်ပိုသော နှုန်းများဖြင့် ငှားရမ်းခြင်းမပြုကြရန်လည်း YMA က အသိပေး ထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုလှုံလာသူများသည် အိန္ဒိယနိုင်ငံသားများ မဟုတ်ကြသည့်အတွက် နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသည့် Voter ID , Aadhaar Card, Birth Certificate, Driving License နှင့် Vehicle Registration စသည့် သက်သေ အထောက်အထားများရရှိရန် ကြိုးပမ်းဆောင်ရွက်မှုမပြုကြရန်လည်း တောင်းဆိုထားသည်။

စစ်ဘေးရှောင်များအနေဖြင့် မိမိတို့သဘောဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်ခြင်း မပြုကြရန်လည်း ထုတ်ပြန်ချက်တွင်အသိပေးသည်။

မီဇိုရမ်ပြည်နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာ နှင့် ဌာနချုပ်ခွဲများအသီးသီးရှိ လူငယ်အဖွဲ့အစည်းများအနေဖြင့် ဒေသတွင်း စစ်ဘေးရှောင်များ၏ အခြေအနေများ များကို အမြဲမပြတ်လေ့လာစောင့်ကြည့်လျက် လုပ်ဆောင်ပေးနိုင်သောအကူအညီများကို စည်းကမ်းနှင့် အညီ တတ်နိုင်သရွေ့အကောင်းဆုံးပံ့ပိုးပေးကြရန် မီဇိုလူငယ် အသင်း ဗဟိုမှ မေတ္တာရပ်ခံထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး