စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း ရောက်ရှိနေသည့် ကော့ကရိတ်မြို့၏ နောက်ဆုံးရ အခြေအနေ

ပုံအညွှန်း- မြဝတီသို့ ဦးတည်တက်လာသည့် အောင်ဇေယျစစ်ကောင်စီ စစ်ကြောင်းမှ စစ်ကားအချို့

ပုံအညွှန်း- မြဝတီသို့ ဦးတည်တက်လာသည့် အောင်ဇေယျစစ်ကောင်စီ စစ်ကြောင်းမှ စစ်ကားအချို့

(မဇ္ဈိမ)။ ။ မြဝတီမြို့သို့ စစ်ကူအဖြစ်ပို့လိုက်သည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရောက်ရှိနေသည့် ကော့ကရိတ်မြို့တွင် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။

ယနေ့ ဧပြီလ ၂၁ ရက်နေ့၊ နံနက် ၈ နာရီခွဲ မေးမြန်းချက်အရ ကော့ကရိတ်မြို့နယ်​တွင်း ပူးပေါင်းတပ်ဖွဲ့များ ရယူထားသည့် နေရာအချို့ကို စွန့်လွှတ်ခဲ့ရသော်လည်း ကော့ကရိတ်မြို့အလုံးစုံ ပြန်မပေးရရေးနှင့် စစ်ကောင်စီ စစ်ကြောင်း မြဝတီသို့ မရောက်ရေး ဆက်လက်တောင့်ခံ၍ တိုက်ခိုက်နေကြောင်း သိရသည်။

” ကျွန်တော်တို့ နိုင်သလောက်တော့ တောင့်ထားတယ်နော်” ဟု ကျားဖြူစစ်ကြောင်း ဒု- စစ်ကြောင်းမှူး ရဲဘော်ကျော်ဟိန်းက ဆိုသည်။

ဧပြီလ ၁၁ ရက်နေ့မှစ၍ ကော့ကရိတ်မြို့နယ်တွင်း နေရာအနှံ့တွင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၀ ရက်ကလည်း ကော့ကရိတ်မြို့တွင်း အပါအဝင် နေရာအချို့၌ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်လုံးတွင် ထိခိုက် ကျဆုံးမှုများ ရှိကြောင်း သိရသည်။

” မနေ့က ကော့ကရိတ်က တိုက်ပွဲအခြေအနေက တအားပြင်းထန်တယ်ဗျ။ ရန်သူဘက်ကလည်း အလုံးအရင်းနဲ့ စစ်ကြောင်းထိုးသလို မြေပြင်ရော ဝေဟင်ရော နောက်ပြီး နောက်ကနေ လက်နက်ကြီးပစ်ကူကအစ သူတို့ဘက်က သာလွန်အင်အားနဲ့ ဖိတဲ့အခါကျတော့ အထိအခိုက်တော့ နည်းနည်း များတယ်ဗျ။ အဲ့ဒီမှာ ကျွန်တော်တို့ရဲဘော် သုံး၊ လေးယောက်လည်းကျတယ်။ ထိခိုက်ဒဏ်ရာရတာလည်း များတယ်ဗျ” ဟု ရဲဘော်ကျော်ဟိန်းက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းမှ လေယာဉ်၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအပြင် Y-12 တိုက်လေယာဉ်ဖြင့် အဆိပ်ငွေ့များ ကြဲချတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သဖြင့် KNLA၊ ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ မူးဝေအော့အန်ခြင်းများ ရှိကြောင်းလည်း သိရသည်။

” ကျွန်တော်တို့က ဘယ်လောက်အထိ ဆိုးသလဲဆိုရင် အရှေ့ကိုလည်း ရန်သူနဲ့ မျက်နှာချင်းဆိုင်မှာ အာရုံစူးစိုက်ရသလို ကောင်းကင်ပေါ်ကလည်း လေယာဉ်တို့ ဒရုန်းတို့နဲ့ ဒီကောင်တွေက အသည်းအသန်တွေဖိတော့ တချို့နေရာတွေမှာ ကျွန်တော်တို့လည်း ခံနိုင်တဲ့အား မရှိတော့ဘူးဗျ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်ကလည်း ” (စစ်ကောင်စီစစ်ကြောင်းက) ကော့ကရိတ် ဝန်းကျင်မှာပဲ ရှိနေဆဲပဲ။ ဖြတ်တောက် အဖွဲ့တွေအဆင့်ဆင့်တော့ချထားကြတယ်။ (မြဝတီကို ရောက်လာနိုင်ချေ ရှိမရှိကတော့) အသေအချာတော့ပြောလို့မရသေးပါ” ဟု မဇ္ဈိမကိုပြောသည်။

ဧပြီလ ၁၀ ရက်နေ့မှစ၍ ဘားအံမြို့နယ်ဘက်မှ လာသည့် ထို အောင်ဇေယျစစ်ကြောင်းသည် မြဝတီမြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီက နိုင်ငံတော်အဆင့် စစ်ဆင်ရေးတရပ်အဖြစ် လှုပ်ရှားနေခြင်းဖြစ်သည်ဟု KNU ထံက သိရသည်။

အောင်ဇေယျစစ်ကြောင်းအနေဖြင့် လက်ရှိ ရောက်ရှိနေသည့် ကော့ကရိတ်မြို့မှသည် ဒေါနတောင်တန်းများကို ဖြတ်မှသာ မြဝတီမြို့သို့ ရောက်နိုင်မည်ဖြစ်သည်။
ကော့ကရိတ်မြို့နှင့် မြဝတီမြို့သည် ၂၆ မိုင်ခန့် ကွာဝေးပြီး အဆိုပါ မြို့နှစ်မြို့ကို ဒေါနတောင်ကျော်လမ်းနှင့် အာရှလမ်းမကြီးတို့ဖြင့် ဆက်သွယ်ထားသည်။

စစ်ကောင်စီတပ်အနေဖြင့် မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) တပ်ရင်းနှင့် သင်္ဃန်းညီနောင်ရှိ ခမရ (၃၅၅)၊ (၃၅၆)၊ (၃၅၇)၊ သင်္ဃန်းညီနောင်ဗျူဟာ၊ သင်္ဃန်းညီနောင် ရဲစခန်းတို့ကို လက်လွှတ်ထားရသည်။

ယမန်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခလရ (၂၇၅) မှ ထွက်ပြေးကာ ထိုင်း- မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၂) အောက်၌ ခိုအောင်းနေသည့် စစ်ကောင်စီအင်အား ၁၅၀ ဝန်းကျင်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီက ယမန်နေ့ တနေ့လုံးအပြင် ယနေ့ ဧပြီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းအထိ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲနေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး