ရခိုင်တောင်ပိုင်းတွင် လက်နက်ကြီးမှန်ပြီး လူနေအိမ် ၃၀ နီးပါး မီးလောင်

ဒွေးချကျေးရွာရှိ မီးလောင်ကျွမ်းသည့်နေအိမ်များ (Video- CJ)

ဓါတု

(မဇ္ဈိမ) ။ ။ စစ်ကောင်စီရေတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ပြီး လူနေအိမ် ၂၈ လုံး မီးလောင်ပျက်စီးမှု ရခိုင်တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ်၊ ဒွေးချကျေးရွာတွင် ဧပြီလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ မွန်းတည့်ချိန်တွင် စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျောက်ဖြူထဲတိုက်ပွဲ မရှိဘဲပစ်တာ၊ နောက်ပြီးလက်နက်ကြီးတွေနဲ့ ပထမဆုံးအပစ်ခံရတဲ့ရွာပါ။နွေရာသီဆိုတော့ နေ့လယ်ဘက်လည်းဖြစ်တော့ မီးကူးပြီးလောင်တာ လူထိခိုက်ဒဏ်ရာရတာ မကြားသေးဘူး၊ အိမ်တွေကတော့မီးလောင်တယ်”ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

လူထိခိုက်မှု မရှိခဲ့သော်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီရေသည် ထိုကျေးရွာကို ယမန်နေ့ ညပိုင်းအထိ ရေတွက်၍ မရနိုင်အောင် လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီးနောက် ယနေ့တွင် ပစ်ခတ်သံများ ငြိမ်သက်နေကြောင်း ဒေသခံများက ဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ကလည်း ထိုရေတပ်မှ ပစ်ခတ်သော လက်နက်ကြီးသည် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် စညှင်းကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင်အမျိုးသမီးတဦး သေဆုံးသွားသည်။

အာရက္ခတပ်တော် (AA) သည် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သော ရခိုင်တိုက်ပွဲအတွင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

တရုတ်ရေနက်ဆိပ်ကမ်း တည်ရှိရာ ကျောက်ဖြူမြို့တွင် ဇန်နဝါရီလနှောင်းပိုင်းက အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအချို့ ရှိခဲ့သော်လည်း လက်ရှိမှာ နှစ်ဖက်တိုက်ပွဲ ငြိမ်သက်နေသည်။

ရခိုင်ပြည်နယ်တွင် ငါးလကျော် ကြာမြင့်လာပြီဖြစ်သော တကျော့ပြန်တိုက်ပွဲသည် လက်ရှိ အမ်းမြို့နယ်၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်