စစ်ခေါင်းဆောင်၏ သားပိုင်ဆိုင်သော ရတနာပုံခန်းမ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

စစ်ခေါင်းဆောင်၏ သားပိုင်ဆိုင်သော ရတနာပုံခန်းမ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

007

(မဇ္စျိမ) ။ ။ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ဒေါ်အောင်ဆန်းစုကြည်လမ်းနှင့် ၇၈ လမ်းထောင့်အနီးရှိ အာဏာသိမ်း စစ်ခေါင်းဆောင် ‌ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားပိုင်ဆိုင်သည့် ရတနာပုံခန်းမကို မန္တလေးအခြေစိုက်ပြည်သူ့ကာကွယ်ရေး အဖွဲ့နှစ်ခုပူးပေါင်းပြီး ၁၀၇ မမ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NMD PDF က ထုတ်ပြန်သည်။

ဗျူဟာမြောက်စစ်ဆင်ရေးအဖြစ် ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး No More Dictatorship People Defence Force-NMD PDF နှင့် Special Task Force(SSTF MDY) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒီခန်းမက အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သား အောင်ပြည့်စုံပိုင်တယ်၊ စစ်ခေါင်းဆောင်အကြီး ပိုင်းတွေ အစည်းအဝေးပြုလုပ်တာ၊ အထိမ်းအမှတ်ပွဲတွေလုပ်တာ၊ စကစနောက်လိုက်၀န်ထမ်းတွေကို ဝါဒဖြန့်ဖို့ အသုံးပြုနေတဲ့အရေးပါတဲ့ ခန်းမနေရာဖြစ်လို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု NMD PDF အဖွဲ့တာ၀န်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးအခြေအနေကို ယနေ့ညနေပိုင်းအထိ မသိရသေးသကဲ့သို့ စစ်ကောင်စီဘက်ကလည်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ သတင်းတစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။

“ကျွန်တော်တို့ No More Dictatorship People Defence Force-NMD PDF မှ ဗျူဟာမြောက်သော မစ်ရှင်များကိုဖော်ဆောင်ရန် ပြည်သူများ၏ အထောက်အပံ့များလိုအပ်လျက်ရှိပါသောကြောင့် ထောက်ပို့ပြည် သူများအား ခေါ်ယူလျက်ရှိကြောင်း လေးစားစွာအသိပေးအပ်ပါသည်” ဟု NMD PDF က ထုတ်ပြန်ချက်တွင် ပြောထားသည်။

ရတနာပုံခန်းမကို စစ်အာဏာသိမ်းပြီး လပိုင်းအကြာ ၂၀၂၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဖွင့်လှစ်ပြီးနောက် ယနေ့အထိ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရဖူးသည်။

စာတည်း။ ။ နောင်နောင်