တရုတ်လူငယ်များ စီးပွားရေးစိုးရိမ်မှုအပေါ် ထီထိုးခြင်းဖြင့် ဖြေလျှော့

ပေကျင်းမြို့ရှိ အရောင်းဆိုင်တခုတွင် အမျိုးသမီးတဦး ထီလက်မှတ်ဝယ်နေစဉ်။ (ယမန်နှစ် ပထမနှစ်ဝက်တွင် တရုတ်၌ ထီရောင်းရငွေ ယွမ် ၂၇၄ ဘီလီယံနီးပါးအထိ မြင့်တက်လာခဲ့ပြီး တနှစ်ထက်တနှစ် ၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့။ ဓာတ်ပုံ AFP)

The Star

တရုတ်နိုင်ငံရှိ ထီရောင်းသောဆိုင်များသည် စီးပွားရေးနှေးကွေးမှုဒဏ်ခံနေရသောလူငယ်များကို နေ့ချင်းညချင်းချမ်းသာနည်းဟူသော ဆောင်ပုဒ်များဖြင့် ဆွဲဆောင်ကာ ထီရောင်းအားကောင်းစေရေးအတွက် ၎င်းတို့ဆိုင်များအား လူစည်ကားကျက်စားရာနေရာအဖြစ် အသွင်အပြင်ပြောင်းလျက်ရှိသည်။

 “ငါတို့ အိပ်မက်တွေရှိနေသင့်တယ်။ တကယ်မဖြစ်လာဘူးလို့ ဘယ်သူသိနိုင်မှာလဲ” ဟု တရုတ်နိုင်ငံတောင်ပိုင်း ချုံချင့်ရှိ ထီဆိုင်တဆိုင်တွင် စာတန်းချိတ်ဆွဲထားသည်။ သန့်ပြန့်သပ်ရပ်သော ခေတ်မီကဖေးဆိုင်တဆိုင်တွင် “ထီဆိုင်ဆိုတာထက်ကို ပိုပါတယ်” ဟုလည်း ရေးသားထားသည်။

အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းရှိ ကော်ဖီပါရောင်းသည့် ထီဆိုင်က ကော်ဖီတခွက်ဝယ်တိုင်း ခဲခြစ်ထီကို အခမဲ့ကံစမ်းခွင့်ပေးသည်။ ဆိုင်နံရံတွင် “ကံကောင်းခြင်းများစွာနှင့်ကော်ဖီ” ဟု ရေးသားထားသည်။ ထီပေါက်မပေါက် ချက်ချင်းသိရသည့် ခဲခြစ်ထီရောင်းအားသည် ၂၀၀၈ ခုနှစ်က အမြင့်ဆုံးဖြစ်ခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများက ပြသနေသည်။

ငယ်ရွယ်သောဖောက်သည်များကို ထီထိုးရန်တွန်းအားပေးခြင်းသည် အမြတ်အစွန်းများစွာရခဲ့သည်။ အစိုးရအသိအမှတ်ပြု ထီဂိမ်းများရောင်းအားသည် ယမန်နှစ်က ယွမ် ၅၈၀ ဘီလီယံထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။ ပြည်တွင်းစျေးကွက်သုတေသန ကုမ္ပဏီ  Mob Data အရ အဆိုပါဖောက်သည်များ၏ ငါးပုံလေးပုံကျော်သည် အသက် ၁၈ မှ ၃၄ နှစ်အတွင်းဖြစ်ပြီး ၂၀၂၀  ခုနှစ်ကထီထိုးခဲ့ကြသည့် ဦးရေထက် ထက်ဝက် များပြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် လူငယ်အလုပ်လက်မဲ့နှုန်း မြင့်တက်လာသောအခါ ထီထိုးသူလည်း များပြားလာခဲ့ပြီး ကပ်ရောဂါကြောင့် တရုတ်စီးပွားရေး နှေးကွေးစဉ်ကာလက စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဘွဲ့ရပညာတတ်များသည် မိဘများခေတ်ကထက် ပိုမိုနှေးကွေးသောစီးပွားရေးခေတ်ထဲရှိ အလုပ်အကိုင်ဈေးကွက်ထဲရောက်ရှိနေပြီး ရာထူးနေရာအတွက် အပြင်းအထန် ယှဉ်ပြိုင်နေရသည်။

လူများသည် အကျပ်အတည်းဆိုက်လာသော စီးပွားရေးပတ်ဝန်းကျင်နှင့် အလုပ်အကိုင်ဈေးကွက်ကြောင့် ကံကောင်းမှုရှာဖွေရန်နှင့် အောင်မြင်မှုရရှိရန် ထီကဲ့သို့သောအရာများဘက် ဦးလှည့်လာဖွယ်ရှိကြောင်း ယူရေးရှားအဖွဲ့မှ အကြီးတန်းခွဲခြမ်းစိတ်ဖြာလေ့လာသူ ဒေါမနစ်ချူးက ပြောသည်။

ကပ်ရောဂါမတိုင်မီက စီးပွားရေးကောင်းစဉ်က ထီရောင်းအား အရှိန်မြှင့်လာခဲ့သည်။   အဘယ်ကြောင့်ဆိုသော် ဖောက်သည်များသည် အဓိကအားဖြင့် လစာတိုးမှသာ အပိုသုံးငွေရသည့် လက်လုပ်လက်စားများအပါအဝင် ဝင်ငွေနည်းသော အုပ်စုများဖြစ်သောကြောင့်ဖြစ်သည်။ ယခုအခါ  ငယ်ရွယ် ပညာတတ်သော မြို့ပြနေဖောက်သည်များကြောင့်လည်း ထီရောင်းအားကောင်းလျက်ရှိသည်။

ယခုနှစ် နှစ်စတွင် တရုတ်၏ စက်မှုကဏ္ဍ မြင့်တက်လာသော်လည်း ၂၀၂၄ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်း ရည်မှန်းချက်ထားခြင်းမှာ အလှမ်းကျယ်လွန်းလှသည်ဟု စီးပွားရေးပညာရှင်များက သတိပေးထားသည်။

 “ခင်ဗျားဘာပဲလုပ်လုပ် ခုချိန်မှာ ပိုက်ဆံရှာနိုင်ဖို့က အရမ်းခက်တယ်” ဟု ပေကျင်း ဆက်သွယ်ရေးတက္ကသိုလ်မှ အသက် ၁၈ နှစ်အရွယ် ရုပ်ရှင်အထူးပြု ပထမနှစ်ကျောင်းသား ဝူကျောင်းက ပြောသည်။

ယခုနှစ်အစတွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ စိတ်ပျက်စရာကောင်းသော အလုပ်အကိုင်အခြေအနေသည် လူမှုတည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေနိုင်သည်။ လူငယ်များသည် ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ကိုဗစ်ဆိုင်ရာအသွားအလာပိတ်ဆို့မှုများကို ဆန့်ကျင်ကာ နိုင်ငံတဝန်း ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး ယင်းလှုပ်ရှားမှုကြောင့်ပင် အစိုးရက ကိုဗစ်မူဝါဒကို ဖြေလျှော့ပေးခဲ့သည်။ ဆန္ဒပြသူများသည်  ရှီအားဖြုတ်ချရန်ပင် မကြုံစဖူး တောင်းဆိုခဲ့ကြသည်။

ထို့ကြောင့်ပင် တရုတ်အစိုးရသည် ထီထိုးခြင်းခေတ်စားလာမှုကို သည်းခံနေခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ အာဏာရကွန်မြူနစ်ပါတီသည် နှစ်ရှည်လများ လောင်းကစားပြဿနာများဖြေရှင်းခဲ့ရပြီး ပြည်တွင်းစစ်အပြီး ၁၉၄၉ ခုနှစ်တွင် အာဏာရလာသောအခါ တရားမဝင် အဆိုးဆုံးလောင်းကစားနည်းများကို တားမြစ်ခဲ့သည်။ တရုတ်သည် အပြောင်းအလဲကာလအတွင်း ဘဏ္ဍာငွေရှာလာချိန် ၁၉၈၀ ပြည့်နှစ်လွန်များတွင် ထီကို စတင်ဖွင့်လှစ်ခဲ့ပြီး ထီရောင်းရငွေများကို လူမှုဖူလုံရေးအတွက် အသုံးပြုကြောင်း ပြောကြားခဲ့သည်။