ဒုသမ္မတဦးဟင်နရီဗန်ထီးယူအား စစ်ကောင်စီ အနားပေး

ဦးဟင်နရီဗန်ထီးယူအား ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် ကျင်းပသည့် ကာလုံအစည်းအဝေး၌ မြင်တွေ့ရစဉ်

ဦးဟင်နရီဗန်ထီးယူအား ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် ကျင်းပသည့် ကာလုံအစည်းအဝေး၌ မြင်တွေ့ရစဉ်

ဂျူချန်း ၊ ရွှေနွယ်

ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း ယနေ့(ဧပြီလ ၂၂ရက်)ည ၈ နာရီတွင် စစ်ကောင်စီလက်အောက်ခံမြဝတီသတင်းက ထုတ်ပြန်ကြေညာသည်။

” ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉) အရ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်” ဟုဆိုကာ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး လက်မှတ်ဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကိုယ်စားပြုပြီး ချင်းပြည်နယ် မဲဆန္ဒနယ် (၃)၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိကာ NLD အစိုးရ၏ဒုတိယသမ္မတ (၂) ဖြစ်လာသည်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်တွင် အာဏာသိမ်းပြီးနောက်ပိုင်း သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရသော်လည်း ၎င်းသည် ဖမ်းဆီးခြင်းမခံရဘဲ ဒုတိယသမ္မတအဖြစ်ဆက်ရှိနေခဲ့သည်။

စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ဇူလိုင်လ ၃၁ ရက်နေ့က ခေါ်ယူခဲ့သော အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးများကို ကျန်းမာရေးအကြောင်းပြချက်ဖြင့် ခွင့်ပန်ကြားရှောင်လွှဲခဲ့သည်။

သို့သော် ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ကကျင်းပသည့် စစ်ကောင်စီ၏ ကာလုံ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ၎င်းအားပါတီမှ ထုတ်ပယ်‌လိုက်ကြောင်းNLDကကြေညာခဲ့သည်။

ယခု တာဝန်မှအနားပေးမှုသည် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက တာဝန်မှအနားပေးခဲ့သူများအနက် အမြင့်ဆုံးရာထူးဖြစ်သည်။

စာတည်း – အေးချမ်း