ရွာငံ၊မြင်းကျဒိုးရဲကင်းတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ၁ ဦး အရှင်ဖမ်းမိ

မြင်းကျဒိုးရဲကင်းစခန်းမှ ဖမ်းဆီးရရှိခဲ့သည့် ဒုတပ်ကြပ် နှင့် လက်နက်ခဲယမ်းများ

မြင်းကျဒိုးရဲကင်းစခန်းမှ ဖမ်းဆီးရရှိခဲ့သည့် ဒုတပ်ကြပ် နှင့် လက်နက်ခဲယမ်းများ

ဂျူချန်း

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှ မြင်းကျဒိုး ရဲကင်းစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီ တဦးအရှင်ဖမ်းမိကြောင်း Ywangan PDF-JPRF အဖွဲ့ကသတင်းထုတ်ပြန်သည်။

တောင်ကြီး-မန္တလေး အဝေးပြေးလမ်းမပေါ်ရှိ မြင်းကျဒိုးကျေးရွာမှ မြင်းကျဒိုးရဲကင်းစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မ‌တော်၊တပ်ရင်းအမှတ်(၅၁၅)နှင့် Ywangan PDF-JPRFက ဧပြီလ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ရဲဒုတပ်ကြပ် တဦး အရှင်ဖမ်းမိကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဒဏ်ရာရခဲ့ကြောင်း Ywangan PDF-JPRF က ထုတ်ပြန်သည်။ထို့အပြင်သေနတ်နှစ်လက်နှင့် ကျည်ဆံများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရရှိထားသည့် ရဲဒုတပ်ကြပ်ကိုကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ်(၅၁၅) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မြင်းကျဒိုးရဲကင်းစခန်းတွင် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအင်အား ၃၀ ဝန်းကျင်ခန့်ရှိကြောင်း ရွာငံမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တဦးကပြောသည်။ စစ်ကောင်စီဘက်မှထိခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ် မသိရှိရသေးပေ။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံများကပြောသည်။

ရွာငံမြို့နယ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ပါဝင်သည်။ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် စစ်ကောင်စီက ဒေသအုပ်ချုပ်ရေးကို ထိန်းချုပ်ထားနိုင်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများလည်း မကြာခဏ ရှိနေသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်ကလည်း ရွာငံမြို့နယ်၊ စစ်စီးကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသောကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးခဲ့ကြောင်းYwangan PDF-JPRF က ထုတ်ပြန်ခဲ့သည်။

ရွာငံပြည်သူ့ကာကွယ်ရေးတပ်​ (ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့) Ywangan PDF-JPRF ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ရှမ်းတောင်ဒေသအပြင် ကရင်နီဒေသရှိ တိုက်ပွဲများတွင်လည်း တော်လှန်ရေးမဟာမိတ်တပ်များဖြစ်သည့် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)နှင့်အတူ တိုက်ခိုက်လျက်ရှိကြောင်း Ywangan PDF-JPRF ထံမှ သိရသည်။

စာတည်း – အေးချမ်း