လျှပ်စစ်မီး ဆိုးဆိုးဝါးပျက်နေ၍ ဘက်ထရီအိုး၊ အင်ဗာတာနှင့် DC ပန်ကာများ အရောင်းသွက်

မဇ္ဈိမ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် ယခုရက်ပိုင်း လျှပ်စစ်မီးများဆိုးဆိုးရွားရွားပျက်နေသည့်အတွက် လျှပ်စစ်မီးနှင့်တွဲသုံးရသည့်အသုံးအဆောင်ပစ္စည်းများ ဈေးကွက်အတွင်း အရောင်းသွက်နေပြီး၊ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေကြောင်း သိရသည်။

‘’မီးပျက်တာကတော့ တော်တော်ကိုဆိုးဆိုးဝါးဝါး ပြတ်နေတာ။ ကျွန်တော်တို့မှာ မီးကိုအချိန်မှန်ဆိုတာမရှိတော့ဘူး၊ လာရက်လည်းမလာဘူး။ ဥပမာ နေ့လည်း ၁နာရီမီးပျက်တယ်ဆိုရင် ညနေ ၅နာရီ မီးလာတယ်။ တောက်လျှောက်ပေါ့နော်။ တခါ နေ့လယ် ၁ နာရီလာတဲ့မီးဆိုရင် ညနေ ၅ နာရီပျက်တယ်။ ပြီးရင် ည ၉ နာရီဆို ပြန်လာတယ်။ အခုကျတော့ လာလိုက် ၁၀မိနစ်နေရင် ပြန်ပျက်သွားတယ်။ ဒါကရန်ကုန်တမြို့လုံး ဖြစ်နေတာ’’ဟု မြို့နေလူထုထံမှ သိရသည်။

ဒီ့အပြင် လျှပ်စစ်မီးပျက်သည့်အတွက် လျှပ်စစ်မီးနှင့်တွဲဖက်သုံးရသည့်လျှပ်စစ်ပစ္စည်းများလည်း ဈေးကွက်ထဲ ပစ္စည်းပြတ်သည်အထိ ရောင်းနေရပြီး၊ ဈေးကလည်းအဆမတန် တက်နေကြောင်းလည်း သိရသည်။

‘’ကျွန်တော်တို့ဆိုင်မှာ အခုချထားတဲ့ AC/DC Rechargeable အားသွင်းပန်ကာ၊ Air cooler ၊ Power Bank တွေ နောက်ရက်ကျရင်လာမကြည့်နဲ့တော့ မရှိတော့ဘူး၊ ကုန်ပြီ ။ ပြီးတော့ ဒီဈေးနဲ့လည်းမရတော့ဘူး၊ကျွန်တော်တို့လည်း တခါတင်သွင်းရင်တခါ ဈေးကတက်နေတော့ လိုက်လိုက်တက်နေရတယ်။ အခုအရမ်းပူတယ် မီးပျက်တယ်၊ ဒီတော့ DC နဲ့ပတ်သက်တဲ့ပစ္စည်းတွေ အရမ်းရောင်းရတယ်’’ဟုလည်း လျှပ်စစ်ပစ္စည်းရောင်းချသူ တဦးထံမှသိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ လျှပ်စစ်မီးပျက်ရခြင်းမှာ မီးအား မနိုင်ခြင်း၊System Break Downဖြစ်ခြင်း၊ ယခင် NLDအစိုးရလက်ထက်က တင်ဒါဖြင့်ခေါ်ယူခဲ့သည့် LNG ဓာတ်ငွေ့တင်သင်္ဘောကြီး မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာခြင်းနှင့်အတူ နိုင်ငံခြားငွေလဲနှုန်းမညီမျှခြင်းများကြောင့် ဖြစ်သည်ဟုလည်း မြန်မာ့လျှပ်စစ်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)