တနင်္သာရီမြို့မှ ရွာ ၂ရွာကို ရဟတ်ယာဉ်ဖြင့်ဗုံးသီး ၂၀ ခန့် စစ်ကောင်စီကြဲချတိုက်ခိုက်၊ အရပ်သားထိခိုက်မှုရှိ

စစ်ကောင်စီလေကြောင်းရန်ကိုကြောက်လန့်၍ ဘေးလွတ်ရာတိမ်းရှောင်နေကြသည့် သိန္ဒောရွာဒေသခံများ

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီမြို့နယ်၊ သိန္ဒောရွာနှင့် ဘန်းပြည့်ရွာတွင် ယမန်‌နေ့ညနေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီးတဦးဒဏ်ရာရကာ နေအိမ်အချို့ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့(ဧပြီလ ၂၂ ရက်)ညနေ ၃ နာရီနှင့်၄ နာရီကြားတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်ဗုံးသီး အလုံး ၂၀ ခန့်ကြဲချခဲ့ခြင်းဟု ဒေသခံများကပြောသည်။

“တိုက်ပွဲဖြစ်တာ မရှိပါဘူး။ လေယာဉ်လာတာနဲ့ပဲ ကျွန်မတို့တော့ ပြေးဝပ်နေကြရတယ်ပေါ့။ ခေါင်းပေါ်တည့်တည့်မှာ လာပတ်နေတာ မိနစ် ၂၀ လောက် ကြာတယ်။ ပထမတခါပတ်ပြီး နောက်တခါ ရောက်လာတဲ့အချိန်မှာ တခါတည်း ဗုံးကြဲသွားတယ်”ဟု ဘန်းပြည့်ရွာမှဒေသခံအမျိုးသမီးတဦးက ပြောသည်။

စစ်ကောင်စီလေကြောင်းရန်ကိုကြောက်လန့်၍ ဘေးလွတ်ရာတိမ်းရှောင်နေကြသည့် သိန္ဒောရွာဒေသခံများ

ဒဏ်ရာရရှိသည့်အမျိုးသမီးသည် ဆေးကုသမှုခံယူနေရကြောင်းသိရပြီး လတ်တလောဒေသအခြေအနေအသေးစိတ်ကို မကြာမီထုတ်ပြန်မည်ဟု တနင်္သာရီမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီလက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲများမရှိခဲ့ဘဲ ယခုရက်ပိုင်းတွင် စစ်ကောင်စီမှလေကြောင်းမှ ကင်းထောက်ကာ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့်မတ်လအတွင်း စစ်ကောင်စီမှ အရပ်သား၁၃၀ ဦးထက်မနည်းဖမ်းဆီးခဲ့ပြီး ၉၇ ဦးပြန်လွတ်လာသော်လည်း ငါးဦးသေဆုံးကာ ဆယ်ဦးထက်မနည်းပျောက်ဆုံးနေသည်ဟု အရပ်သားထိခိုက်မှုများကို စစ်တမ်းထုတ်ပြန်ပေးနေသည့် FE5 Tanintharyi က ထုတ်ပြန်ထားသည်။ ထို့အပြင်မတ်လအတွင်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုအပါအဝင်တိုက်ပွဲများနှင့်စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်စီးမှုများကြောင့် ဒေသခံများ၏နေအိမ် အနည်းဆုံး ၂၂ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ပြီးခဲ့သည့်မတ်လကထုတ်ပြန်သည့်FE5 Tanintharyi စစ်တမ်းတွင် ဖော်ပြထားသည်။

စာတည်း – အေးချမ်း