လွယ်ဂျယ်မြို့မှ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တရုတ်ဘက်သို့ ခိုလှုံ

ရွှေနွယ်

(မဇ္ဈိိမ)။ ။ကချင်ပြည်နယ်၊ တရုတ်−မြန်မာနယ်စပ်မြို့၊ လွယ်ဂျယ်မှ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၄၂) အတွင်း ခိုလှုံနေသော စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်၆၂ ဦးသည် ယမန်နေ့ (ဧပြီလ ၈ ရက်) ည ၁၁ နာရီခန့်တွင် တရုတ်နိုင်ငံဘက်သို့ ခိုလှုံသွားသည်ဟု KIA စစ်ရေးသတင်းရင်းမြစ်ထံမှသိရသည်။

“တရုတ်ကလက်ခံပြီး တံခါးဖွင့်ပေးတာပါ။ မူဆယ်မြို့ ပန်ဆန်းဂိတ်ကနေ တရားဝင်ပြန်ပို့ပေး လိမ့်မယ်လို့ခန့်မှန်းရပါတယ်”ဟု KIA စစ်ရေးသတင်းရင်းမြစ် ကပြောသည်။

ခလရ (၁၄၂)တပ်ရင်းမှူး ဦးဆောင်ကာတရုတ်ဘက်သို့ ခိုလှုံသွားကြခြင်းဟု သတင်းရရှိထားပြီး ၎င်းတို့ထားခဲ့သည့် လက်နက်ခဲယမ်းများကို KIA က သိမ်းယူရရှိခဲ့သည်ဟု သိရသည်။

လွယ်ဂျယ်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ လက်နက်ချအလင်းဝင်ရန် KIA က ပြီးခဲ့သည့် မတ်လနှောင်းပိုင်းတွင် သတိပေးပြီးနောက် အများစုသည် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ခိုလှုံခဲ့သလို မိုးမောက်၊ ဗန်းမော်မြို့များသို့လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များသည် ခလရ (၁၄၂) သို့ သွားရောက်ပူးပေါင်းနေခဲ့ခြင်းဟု သိရသည်။ ယမန်နေ့တွင်မူ တရုတ်ဘက်မှ လက်ခံ၍ KIAက ထွက်ခွာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လွယ်ဂျယ်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများအားလုံး ဆုတ်ခွာသွားချိန်တွင် မြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ကအုပ်ချုပ်နိုင်ပြီဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“လွယ်ဂျယ်မြို့ကို အရင်ကတည်းက ထိန်းချုပ်ပြီးသားပါ။ အုပ်ချုပ်တာ အခွန်ကောက်တာကအစပေါ့။ စကစ မြို့နယ်ရဲ့အမိန့်ထက် KIO အုပ်ချုပ်ရေးအမိန့်ကို မြို့ခံတွေက ပိုပြီးတော့ နာခံကြပါတယ်။ အခုကတော့ မူပိုင်သိမ်းတာပါ” ဟု KIA သတင်းရင်းမြစ်ကပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စတင်ကာ ကချင်ပြည်နယ်အတွင်း ထိုးစစ်အရှိန်မြှင့်တင်ခဲ့ပြီးစစ်စခန်းကြီး၊ ငယ်စုစုပေါင်း ၆၀ ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။ လက်ရှိတွင် တရုတ်−မြန်မာနယ်စပ်မြို့လွယ်ဂျယ်ကိုပါ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ လွယ်ဂျယ်မြို့သည် ၂၀၀၂ ခုနှစ်က ဖွင့်လှစ်ခဲ့သော အိမ်နီးချင်းလေးနိုင်ငံနှင့် ကုန်သွယ်ဂိတ် ၁၀ ခုတွင် တခုအပါအဝင်ဖြစ်သည်။ယခုအခါ ဒေသခံများနှင့် ခရီးသွားများ၏ လုံခြုံရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်း၌ စစ်ဆေးရေးတင်းကျပ်ထားကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာများအား ဖြေကြားထားသည်။

ထို့ပြင် လွယ်ဂျယ်နှင့် မိုးမောက်ကိုဆက်သွယ်ထား သောလမ်းပိုင်းကိုလည်း KIA မှစိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။

တရုတ်ဘက်သို့ ခိုလှုံသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မူဆယ်နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့က မကြာမီ ပြန်လည်လွဲပြောင်းပေးမည်ဟု သိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ကချင်ပြည်နယ်၊ မံစီမြို့နယ်မှ စစ်ကောင်စီစခန်းအချို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် တရုတ်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့သည်။ ၎င်းတို့ကို တရုတ်ရဲတပ်ဖွဲ့က မူဆယ်နယ်စပ်ဂိတ်မှတဆင့် စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

စာတည်း – အေးချမ်း