နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၃ ဧပြီ ၂၀၂၄)

အမျိုးသား ညီညွတ်ရေး အစိုးရ

  • အမျိုးသားညီညွတ်ရေး အစိုးရ၊ သမ္မတကြီး လမ်းညွှန်ချက်များ နှင့်အညီ မြိုင် (ပကဖ) က အကြမ်းဖက် စစ်ကောင်စီတပ်ကို ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦး သေဆုံးပြီး လက်နက်နှင့်အတူ ၆ ဦး အရှင်ဖမ်းဆီးထားသည်ဟု မြိုင် (ပကဖ) က ဧပြီ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
  • ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့တွင် တပ်စွဲထားသော စစ်တပ်ကင်း နှင့် ဂိတ်ကို ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက တိုက်ခိုက်ရာ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း၏ ဆက်သွယ်ရေး နှင့် သတင်းပြန်ကြားရေး တာဝန်ခံက ပြောသည်။
  • ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော ရွှေမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းကြိုင်ကို ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်ခရိုင် ၃၆၀၂ တပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ခွဲ ၃ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်းတို့တွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအ ဝေးကို ဧပြီ ၂၂ ရက်၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဧပြီ ၂၃ ရက်တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီတပ်အခြေစိုက် တပ်စွဲထားသည့် နေရာနှစ်ခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay အဖွဲ့က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်ပြည်သူ ၄၀၀ ကျော်ကို အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ကြာဇံဟင်း အလှူရှင်ကိုယ်စား လှူဒါန်းခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှ ညောင်ပင်ကန်ရွာသို့ မိုင်းရှင်းလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးအဖွဲ့များက ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး မြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကားတစ်စီးကို ဧပြီ ၂၂ ရက်၊ ညပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားပျက်စီးသွားပြီး ကားပေါ်ပါ စစ်သား ၅ ဦးထက်မနည်း သေဆုံးနိုင် ကြောင်း Area 71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ် နှင့် ပျူစောထီးစစ်ကြောင်းကို ဧပြီ ၂၁ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ပျူစောထီး ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ကြောင်း ဗိုလ်ဂျပန်ကြီး ရွှေဘိုပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဧပြီ ၂၁ ရက်က ပစ်သတ်ခံရပြီးနောက် စစ်တပ်က ပြည်သူများအား ဖမ်းဆီးကာ နေအိမ်များကို မီးရှို့နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
  • မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဖလံကိုင်း ရဲစခန်း နှင့် ကျောက်တိုင်ခင်ကျေးရွာကို လေကြောင်းဖြင့် ဧပြီ ၂၃ ရက်၊ မွန်းလွဲပိုင်းက ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဖလံကိုင်းရေနံမြေစခန်းမှ စခန်းစွန့်ခွာထွက်ပြေးလာသော စစ်ကြောင်းကို ဧပြီ ၂၁ ရက်က ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းဆီးရမိကြောင်း Myaing Supporting Battalion တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်မှ မြင်းကျဒိုး ရဲကင်းစခန်းကို ဧပြီ ၂၁ ရက်၊ နံနက်ပိုင်းက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိကြောင်း Ywangan PDF-JPRF အဖွဲ့က သတင်းထုတ်ပြန်သည်။
  • မြဝတီမြို့တွင် တိုက်ပွဲများ ခဏရပ်သွားသည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းနိုင်ငံဘက်ကို ထွက် ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့်သည် ဧပြီ ၂၂ ရက်၊ နံနက်ပိုင်း နှင့် နေ့လယ်ပိုင်းတွင် နေရပ်ပြန်နေကြပြီ ဖြစ်သည်ဟု စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • ကရင်ပြည်နယ်၊ မြဝတီသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၁ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးပြီး သံချပ်ကာတစ်စီး၊ စစ်သုံးယာဉ် ၂ စီး နှင့် လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
  • ချင်းအမျိုးသားတပ်ဦး (CNF) ၊ ဒေသကာကွယ်ရေးအဖွဲ့ နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဖြင့် စုဖွဲ့ထားသည့် ချင်းပြည်နယ်အစိုးရ၏ အစိုးရယန္တရား အားကောင်းလာစေရေး ဝိုင်းဝန်းကြိုးပမ်းရန် လိုအပ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးပါထန်းက ပြောသည်။
  • တအောင်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ပလောင်ပြည်လွတ်မြောက်ရေး တပ်ဦး တပ်မဟာ (၂) စစ်ဒေသတွင် ဖွင့်လှစ်ထားသည့် နိုင်ငံရေး သိပ္ပံကျောင်း အပတ်စဉ် (၂) ကို ဧပြီ ၂၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
  • ကိုးကန့်တပ်မတော် (MNDAA) ၏ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက ပုဂ္ဂလိကဆေးရုံများ ဖွင့်ခွင့် မပြုတော့ဟု ဧပြီ ၂၂ ရက်က အသိပေးကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီ

  • ပညာရေးနှင့်ပတ်သက်၍ ကောက်ရိုးမီမဟုတ်ဘဲ ရေရှည်အတွက် ကြည့်ပြီး စီမံကြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီ ၂၂ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။
  • မွန်ပြည်နယ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် ဒဏ်ရာမှ သက်သာနေ ပြီ ဖြစ်သော ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧပြီ ၂၂ ရက်က ပြုလုပ်သည့် စစ်ကောင်စီ အစိုးရအဖွဲ့အစည်းအ ဝေးကို တက်ရောက်ခြင်း မရှိကြောင်း သိရသည်။
  • စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ဒုတပ်ချုပ် ခန့်မည်ဆိုသည့် ကောလာဟလသတင်းများ ထွက်ပေါ်နေကြောင်း စစ်တပ်အသိုင်းအဝိုင်းကနေ သိရသည်။
  • NLD အစိုးရလက်ထက်က ခန့်အပ်ထားသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ဧပြီ ၂၂ ရက်၊ ညပိုင်းတွင် ထုတ်ပြန် ကြေညာ သည်။
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Online Trading Platform မှ တစ်ဆင့် ထိုင်းဘတ် ၁၄ သန်းကို ယနေ့ ဧပြီ ၂၃ ရက်တွက် ရောင်းချပေးမည်ဖြစ်ကြောင်း ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
  • သင်္ကြန်ကာလအပြီး ရန်ကုန်တိုင်းတွင် စစ်ကောင်စီက စစ်မှုထမ်းရန် အင်အားစုဆောင်းမှုများ အရှိန်မြှင့် လုပ်ဆောင်လာနေကြောင်း မြို့ခံများက ပြောသည်။
  • ပြည်ပရောက် မြန်မာလုပ်သားများ၏ လစာငွေလွှဲများ ပုံမှန်ရရှိရန် ထပ်မံ ကြပ်မတ်ဆောင်ရွက်သွားရန် ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောသည်။
  • မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၂ အတွက် တပ်သားသစ်စုဆောင်းမရသဖြင့် စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှ လူငယ်များကို အတင်းအကျပ် ဖမ်းဆီး ခြင်း နှင့် ပေါ်တာဆွဲခြင်းများကို လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများကို လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြသည်။
  • ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာမှ အသက် ၃၀ နှစ်အရွယ် မုဆိုးဖို ဖခင်ကို စစ်တပ်က တပ်သားစစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် နေအိမ်တွင် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးတည်း မိဘမဲ့အဖြစ် ကျန်ရစ်ခဲ့ကြောင်း ကျေးရွာသားများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။
  • ရခိုင်ပြည်နယ် တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ်၊ ဒွေးချကျေးရွာတွင် ဧပြီ ၂၁ ရက်၊ မွန်းတည့်ပိုင်းက စစ်ကောင်စီရေတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး လူနေအိမ် ၂၈ လုံး မီးလောင်ပျက်စီးခဲ့ ကြောင်း ဒေသခံများက ပြောသည်။
  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဧပြီ ၂၀ ရက်နှင့်၂၁ ရက်နေ့က စစ်ကောင်စီ ထောင်ထားသော မိုင်းကို နင်းမိ၍ အမျိုးသမီးများ အပါအဝင် အရပ်သား လေးဦး သေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ ကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • ကချင်ပြည်နယ်၊ မိုးမောက်မြို့ပေါ်ရှိ လူနေရပ်ကွက်များကို ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းကနေ မွန်းလွဲပိုင်းထိ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချတိုက်ခိုက်သဖြင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
  • မြန်မာဘက်က တောင်းဆိုပါက လက်နက်ကိုင်အဖွဲ့အားလုံးနှင့် ညှိနှိုင်းရန် အစီအစဉ် ရှိသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဧပြီ ၂၃ ရက် သုံးသပ်ချက်

  • အာဏာသိမ်းစစ်ကောင်စီတပ်သည် နိုင်ငံတစ်ဝန်း စစ်ရေးရှုံးနိမ့်မှုများနေပြီး နယ်မြေများ မထိန်း သိမ်း နိုင်ဘဲ လက်လွတ် ဆုံးရှုံးနေသည့်အပြင်  မင်းအောင်လှိုင်က  ၎င်းဖြုတ်ချရန် ကြံစည်နေသည်ဟု သတင်းထွက်သူများကို နောက်ကြောင်းပြန် ဥပဒေများဖြင့် အရေးယူထားသလို ဒုချုပ်စိုးဝင်းကိုလည်း အစားထိုးမည်ဟု သတင်းများထွက်ပေါ်နေသည်။