လေကြောင်းရန်ကြောင့် ကော့ဘိန်းရွာအနီး ဒေသခံများ စစ်ဘေးတိမ်းရှောင်

ကော့ဘိန်းကျေးရွာမှ ဒေသခံများ ယနေ့ ဧပြီ ၂၃ ရက်နေ့နံနက်ပိုင်းတွင် စစ်ဘေး တိမ်းရှောင်နေကြစဉ် (CJ)

ဂျူချန်း

မဇ္ဈိမ ။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာအနီးရှိ ဒေသခံများသည် လေကြောင်းတိုက်ခိုက်ခံရမည်စိုးသဖြင့် ယနေ့ (ဧပြီ ၂၃ ရက်)နံနက်အစောပိုင်းတွင် ထပ်မံတိမ်းရှောင်နေကြရကြောင်း အနီးကျေးရွာရှိ ဒေသခံများထံမှ သိရသည်။

ကော့ဘိန်းကျေးရွာအနီးရှိ ကော့ပေါက် နှင့် ကော့ပလိုင်း ကျေးရွာများတွင် ယမန်နေ့( ဧပြီ ၂၂ ရက်) ည ၉ နာရီမှ ဧပြီ ၂၃ နံနက်အစောပိုင်း ၁နာရီအထိ လေကြောင်းကင်းထောက်လေယာဉ်များ ပျံဝဲနေပြီး လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်သဖြင့် ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ပလိုင်း စသည့် အနီးအနားရှိကျေးရွာမှ ထောင်နှင့်ချီသည့် ဒေသခံများသည် ယနေ့ (ဧပြီ ၂၃ ရက်) နံနက်အစောပိုင်းမှစတင်ကာ ဂျိုင်းမြစ်တဖက်ကမ်းကို ကူးပြီး ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်နေကြရကြောင်း သိရသည်။

“တိုက်ပွဲတော့မဖြစ်သေးဘူး။ ဒါပေမယ့် ဗမာစစ်တပ်က လေယာဉ်နဲ့ လာလာခြောက်နေတာ။ နီးနီးနားနားက ရွာသားတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးရတာပေါ့။ တိုက်ပွဲလည်း ဖြစ်ချင်ဖြစ်လာနိုင်တာပဲလေ” ဟု ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် ကော့ဘိန်း နယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့တွင် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သား ၂၃ ဦး အလံဖြူထောင်လက်နက်ချသဖြင့် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ကော့ဘိန်းနယ်မြေရဲစခန်းကို မီးရှို့ကာ တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့သည်။ တိုက်ပွဲကြောင့် ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ပလိုင်း၊ ဘုရားကြီး၊ လိမ္မော်ကုန်း၊ နောင်ခေတ် စသည့် ကျေးရွာ ခုနစ်ရွာထက်မနည်းမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်ခဲ့ကြသည်။ ၎င်းနောက် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ၊ တရနာကျေးရွာနှင့် သံကလောင်ကျေးရွာဘက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ ကော့ဘိန်းကျေးရွာသည် မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနဲ့ လေးမိုင်ခန့်သာ ကွာဝေးသည်။

စစ်ဘေးရှောင်သည့် ယင်းကျေးရွာမှ ဒေသခံအချို့သည် ကော့ဘိန်းကျေးရွာအတွင်း တိုက်ပွဲအခြေအနေ ငြိမ်သက်ခဲ့သဖြင့် ဧပြီလဒုတိယအပတ်တွင် ကျေးရွာတွင်းသို့ ပြန်လည်နေထိုင်ခဲ့ကြသော်လည်း လက်ရှိတွင် စစ်ကောင်စီမှ လေကြောင်းကင်းလှည့်ခြင်း ထပ်မံလုပ်ဆောင်လာသဖြင့် ဒေသခံများ ထပ်မံတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

“ပြေးတာကတော့ အရင်ရှောင်ပြီး ပြန်လာတဲ့သူတွေရော၊ အသစ်တွေရော အဟောင်းတွေရော အကုန်ရှောင်ကြတာပဲ” ဟု ဒေသခံက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၂ ရက်)ညပိုင်းတွင်လည်း ဓမ္မသကျေးရွာ၌ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အထိခိုက်ရှိကြောင်း နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် ၁၉ ရက််နေ့တွင်လည်း ကျိုက်မရောမြို့နယ် သံကလောင်ကျေးရွာနှင့် ကော့သတ်ရွာကြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကော့ဘိန်းကျေးရွာနှင့် လေးမိုင်ခန့်အကွာတွင်ရှိသည့် ဓမ္မသကျေးရွာတွင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသော်လည်း လတ်တလောတွင် ကော့ဘိန်းကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပေ။ သို့သော်လည်း စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ဒေသခံများ ကြိုတင်စစ်ဘေးတိမ်းရှောင်နေခြင်းဖြစ်သည်။

မွန်-ကရင် အစပ် ဂျိုင်းမြစ်ဒေသတလျှောက် တိုက်ပွဲများကြောင့် ကော့ဘိန်း၊ ကော့ပလိုင်း၊ ဓမ္မသ၊ သံကလောင်၊ တရနာ၊ ကော့သတ် စသည့် ကျေးရွာ ၁၀ ရွာမှ အရပ်သား ၁၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ( MSFC )၏ ဧပြီ ၁၆ ရက်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)