ချောင်းဦးတွင် စစ်ကောင်စီစခန်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရသဖြင့် ၃ ဦး သေဆုံး

ရုပ်သံအညွှန်း - စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်စဥ် (ရုပ်သံ - မုံရွာခရိုင်အမှတ်(၉)တပ်ရင်း)

ရုပ်သံအညွှန်း – စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်စဥ် (ရုပ်သံ – မုံရွာခရိုင်အမှတ်(၉)တပ်ရင်း)

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ မြပုလဲစက်သုံးဆီအရောင်းဆိုင်တွင် တပ်စွဲထားသည့် စစ်ကောင်စီအထိုင်စခန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် ဝိုင်း ဝန်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင် အမှတ်(၉)တပ်ရင်း Famers Revolution Force 2 က ယနေ့(ဧပြီလ ၂၈ ရက်) ထုတ်ပြန်သည်။

တောပု(ပျူစောထီး)ရွာနှင့် ခင်မွန်ရွာ ဘက်စုံမွေးမြူရေးခြံအခြေချစခန်းများသို့ လှည့်လည်သွားလာနေ သည့် စစ်ကောင်စီတပ်သားများကို ဧပြီလ ၂၆ ရက်က ၆၀ မမ လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင် အမှတ်(၉)တပ်ရင်းမှတာဝန်ရှိသူကဆို သည်။

“အဲဒီနေရာကနေ လမ်းသွားလမ်းလာနဲ့ ကားတွေကိုစစ်ဆေး အဓမ္မငွေတောင်းပြီး အနီးနားကျေးရွာတွေ ကို ဒုက္ခအမျိုးမျိုးပေးနေတဲ့အတွက် အခုလိုတိုက်ခိုက်ခဲ့တာပါ”ဟု မုံရွာခရိုင် အမှတ်(၉)တပ်ရင်းမှူး ဗိုလ် ယက္ခက မဇ္စျိမကိုပြောသည်။

မိနစ် ၄၀ အကြာခန့်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိသွားသည်ကို ဆေးရုံအနီးရှိသတင်းပေးပြည်သူ၏ အချက်အလက်များကို ပြန်လည်အတည်ပြု ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသေဆုံးဒဏ်ရာရရှိမှုအပြင် အထိုင်စခန်းနှင့် အနီးတဝိုက်ရှိ အဆောက်အဦးများ မီးစွဲလောင်သဖြင့် မီးသတ်ကားများအရေးပေါ် ခေါ်ယူခဲ့ရကြောင်း ဗိုလ်ယက္ခက ဆက်ပြောသည်။

စစ်ကောင်စီတပ်သားများ သေဆုံးဒဏ်ရာရရှိမှု အသေးစိတ်အခြေအနေနှင့်ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်မှုအတွင်း ခင်မွန်ဘက်စုံခြံမှ ၆၀ မမ များဖြင့် ပစ်ကူပေးခြင်း၊ ချောင်းဦးထွေအုပ်ရုံးမှ ကားနှစ်စီး ဖြင့် အင်အားဖြည့်တင်းပြီး ပြန်လှန်ပစ်ခတ်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့များဆုတ်ခွာခဲ့ရကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၉)တပ်ရင်း Famers Revolution Force 2 နှင့်အတူ နယ်မြေခံ ပကဖ ၊ ပလဖ ၊ မုံရွာခရိုင်အမှတ်(၈) တပ်ရင်း Famers Revolution Force ၊ မုံံရွာခရိုင်အမှတ်(၅)တပ်ရင်း Aung San Force )၊ မုံရွာခရိုင်အမှတ် (၁၃)တပ်ရင်း ၊Sun King Envoy Monywa LPDF ၊ Ghost Army နှင့် BKM Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ တိုက်ပွဲများအပြင် စစ်ကောင်စီတပ်နှင့် ထိတွေ့ မှု အသေးစားများ မကြာခဏဖြစ်ပွားနေသော် လည်း စစ်ဘက်ဆိုင်ရာလုံခြုံရေးအရ သတင်းထုတ်ပြန်ခြင်းမပြုသည်ကို မိဘပြည်သူများ နားလည်ပေး ကြပါရန် မုံရွာခရိုင်အမှတ်(၉)တပ်ရင်းက မေတ္တာရပ်ခံထားသည်။

စာတည်း။ ။စောဖေ