သံတွဲတွင် စစ်ကောင်စီတပ်ဖမ်းဆီးခံရသည့် ကျောင်းလုပ်သား ၁ လကျာ်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရ

ဓာတ်ပုံ-ပုံဟောင်း

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပုဇွန်ဖြေကျေးရွာအုပ်စု၊ ပုဇွန်ဖြေဆည် (ခေါ်) ကျက်သရေကျွန် ကျေးရွာရှိ ကျောင်းအထွေထွေ လုပ်သားကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားရာ တလကျော်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း ဒေသခံထံက သိရသည်။

အသက် ၃၀ ကျော်အရွယ် ကိုနန္ဒထွန်းအား ပြီးခဲ့သည့် မတ်လ ၂၈ ရက် မနက် ၄ နာရီ ခန့်တွင် လက်နက်ကိုင် အရပ်ဝတ် စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ရွာမှာမီးလည်းမရှိတော့ လာဖမ်းတာကို ပတ်ဝန်းကျင်က မသိလိုက်ဘူး။ ဖမ်းတုန်းကတော့ ရိုက်နှက်ခေါ်သွားတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ မှောင်နေတော့ ဘယ်တပ်ကလဲ ဘာလဲ သေချာမသိလိုက်ဘူး။ ဖယောင်းတိုင််မီးပဲရှိတယ်။ စစ်ဝတ်စုံတွေနဲ့ မဟုတ်ဘူးလို့တော့ သိရတယ်” ဟု ဒေသခံတဦးက ဆိုသည်။

သံတွဲမြို့နယ် ရှိ ခလရ (၅၅ )မှ လာရောက်ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ ကိုနန္ဒထွန်းသည် ပုဇွန်ဖြေကျေးရွာအုပ်စု ၊ သာယာကျွန်းရွာ (ခေါ်) ကုလားကျွန်းရွာရှိ ကျေးပင်အစိုးရ မူလတန်းကျောင်းတွင် ကျောင်းအထွေထွေလုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ကျောင်းတွင် ကျောင်းဆရာ လိုအပ်ချက်အရ စာသင်ပြပေးရသည်လည်း ရှိကြောင်း သိရသည်။

“AA ရဲ့ ရန်ပုံငွေရှာပေးလို့ ဖမ်းခံရတယ်လို့တော့ အရပ်ထဲ ပျံ့နေတာပဲ။ ဒါပေမဲ့ အမှန်လို့လည်း ယူဆလို့မရဘူး။ သူမိန်းမနဲ့ အသက် ရှစ်နှစ်အရွယ်ကလေးကလည်း ဘယ်လိုက်စုံစမ်းရမယ် မသိဘူးဖြစ်နေတယ်” ဟု ဒေသခံက ဆိုသည်။

ကိုနန္ဒထွန်းသည် အာရက္ခတပ်တော် (AA) ရိက္ခာအတွက် အလှူငွေကောက်ခံခြင်း၊ ရန်ပုံငွေရှာဖွေပေးခြင်းတို့ ပြုလုပ်သည်ဟု စစ်ကောင်စီတပ်က ထင်မြင်ယူဆ၍ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံက ဆိုသည်။

ကိုနန္ဒထွန်းအား လာဖမ်းချိန်တွင် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ရဲများ နှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး အစရှိသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ မပါဝင်ကြောင်း ဒေသခံထံက သိရသည်။

ထို့ပြင် ပုဇွန်ဖြေရွာမှ NLD ပါတီဝင် ကိုမင်းသူကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀ ည ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး