နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၇ ဧပြီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်အကွာရှိ MDY-PDF မှ သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ စစ်တပ်စခန်းကို ပြန်လည်ရရှိရေး စစ်ကောင်စီတပ်သည် ကြည်းကြောင်း၊ လေ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) က ယနေ့ သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ဧပြီ ၂၆ ရက်၊ နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေနတ် ကျည် ၃ ချက် ထိမှန်ကာ ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ် (၂၁) ကာကွယ်ရေး ပစ္စည်းစက်ရုံကို အမျိုးသား ညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး အောက်ရှိ တပ်ရင်းတပ်ဖွဲ့များက တစ်ပြိုင်နက် တိုက်ခိုက်ခဲ့သည်ဟု ဧပြီ ၂၆ ရက်က သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်‌ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် အမှတ်(၃)တပ်ရင်းထံ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၁ ဦး က လက်နက်နှင့်တကွ အလင်းဝင်လာသည့်အတွက် ငွေကျပ် သိန်း ၃၀ ပေးအပ်ခဲ့သည်ဟု PDF ပခုက္ကူခရိုင် တပ်ရင်း (၃) က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။

ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ ၂ ၏ မွမ်းမံ သင်တန်း ဆင်းပွဲ အခမ်းအနားကို ဧပြီ ၂၆ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင်ရှိသည့် အကြမ်းဖက်စစ်တပ်၏ ရဲစခန်း နှင့် တပ်စခန်းများ တိုက်ခိုက် သိမ်း ပိုက်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲများတွသ် အထူးကွန်မန်ဒို တပ်ရင်း-P29914 မှ အထူးကွန်မန်ဒို သား ကောင်းတစ်ဦး မြင့်မြတ်စွာဖြင့် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသည်ဟု ရိုးမစစ်ကြောင်း၂ က ယနေ့ ထုတ်ပြန်လိုက်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်- မန္တလေး ကားလမ်းဘေးရှိ စစ်မှုထမ်းဟောင်းရုံးကို ဧပြီ ၂၆ ရက်၊ ည ၇ နာရီကျော်ကအဝေးထိန်းမိုင်းခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၉) ရပ်ကွက်၊ သံသုမာလမ်းပေါ်တွင် ဧပြီ ၂၆ ရက်၊ ည ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းနှစ်လုံးပါ တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၁၁၀၁ ရက်မြောက်နေ့အဖြစ် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းနှင့် ပူးပေါင်းကာ စစ် အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင် ကာ စစ်အာဏာရှင်တော်လှန်ရေး ယနေ့ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ကြောကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ ဟောင်ဝှစ်ဇာ၊ လေကြောင်းတို့ဖြစ် ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းက ပစ်ခတ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပကဖ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရ ပြီး ပြည်သူ့နေအိမ်အများအပြား ထိမှန်မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ နှောကုန်းရွာ ဆွမ်းလောင်းပွဲကို ဧပြီ ၂၃ ရက်က အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆွမ်းလောင်းပွဲ ပျက်သွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောသည်။

ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်များအတွက် အညာပစ် တိုင်းထောင်လေးများအဖွဲ့က ရဲဘော်များ ခွန်အားဖြစ်စေရန် ဟန်ဟာဂါ၊ကြာဇံကြော်၊ဝက်သားဒတ်ထိုး ပြုလုပ်ကျွေးမွေးခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ တပ်သားများကို ဧပြီ ၂၆ ရက်၊ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း- နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ဧပြီ ၂၅ ရက်၊ ညနေပိုင်းက မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်ကြောင်း တံတားဦးမြို့နယ် ပကဖ ၏ ဒုတာဝန်ခံ ကိုလေးလှိုင်က ပြောသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းရွာ ပျူစောထီးများက ဈေးသည် ဦးဖိုးထူးကို ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းက ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို လမ်းဘေး၌ စွန့်ပစ်ခဲ့ကြောင်း ဒေသခံ ပြည်သူ များက ပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ရွာကို ဧပြီ ၂၇ ရက်၊ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးနေပြီး ဟင်္သာကုန်းရွာကို ရွာလုံးကျွတ် နီးပါး မီးရှို့ နေကြောင်း မတ္တရာမြို့နယ် ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်က ပြောသည်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီ ရဲစခန်း နှင့် ရွှေအောင်သာရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး ခဲ့ ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဧပြီ ၂၆ ရက်၊ နံနက် ၉ နာရီခန့်က ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း Earthquake People’s Defence Force မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ပြောသည်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းရွာ အနီးတွင် ဧပြီ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် ၂ ရက် ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သ တင်းဌာနတွင် ဖော်ပြထားသည်။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သဲကုန်းရပ်ကွက်တွင် နေထိုင်သည့် စာရေးဆရာ လင်းညှို့သွေးကို ဧပြီ ၂၅ ရက်၊ ညပိုင်းက စစ်တပ်က အတင်းအဓမ္မရိုက်နှက် ဖမ်းဆီးသွားပြီး အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း မိတ်ဆွေများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်နှင့် ဆက်နွယ်ပတ်သက်နေသည့် ပြင်သစ်အထက် တန်းလွှာများစီးပွားရေးကျောင်း (HEC) တွင် တက်ရောက်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် သမီးဖြစ်သူ၏ ပိုင်ဆိုင်မှုများအားသိမ်းဆည်းရန်နှင့် နေထိုင်ခွင့်ဗီဇာကို ပြန်လည်ရုပ်သိမ်းရန် Info Birmanie နှင့် Justice For Myanmar-JFM တို့က တောင်း ဆိုလိုက်သည်။

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါဝင် လူပုဂ္ဂိုလ် ၁၀၃ ဦး၊ မြန်မာ့ စီးပွားရေး ဦးပိုင်လိမိတက် အပါအဝင် အဖွဲ့အစည်း ၂၁ ခုအပေါ် ဥရောပသမဂ္ဂက ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်ထိ ၁ နှစ် သက်တမ်းတိုးလိုက်သည်ဟု ဥရောပကောင်စီက ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲများအကြား အပြည့်အဝ ထိန်းချုပ်ရန် ကြိုး ပမ်းနေသည့် မြဝတီမြို့ အရေးကိစ္စ၌ BGF မှ အသွင်းပြောင်းသွားသော ကရင်အမျိုးသားတပ်မတော် (KNA) အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူက အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဘန် ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

စစ်ကောင်စီ နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ၊ ဘူးသီးတောင် မြို့နယ် နှင့် မောင်တော မြို့နယ်များတွင် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ကြောင်း အာရက္ခတပ်တော် (AA) က ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ အ​နောက်ပိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ် ​ကဇူး​ကိုင်း တောဟိန်း​တောင် ဗျူဟာ ကုန်း နှင့် ခလရ (၅၅) အ​ခြေစိုက် သံတွဲမြို့နယ်တို့တွင် ဧပြီ ၂၆ ရက်က အာရက္ခတပ်​တော် (AA) နှင့် စစ်​​ကောင်စီတပ် နှစ်ဘက်ထိ​တွေ့တိုက်ပွဲများ ပြင်းထန်​ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်ရုံး (နပခ)ရှိ စခန်းမှူးရုံး အပါအဝင် အ​မြောက်တပ်၊ စစ်​ဆေးရုံ နှင့် အဆင့်မြင့်ဆက်သွယ်​ရေးတပ်ရင်းတို့ကို အာရက္ခတပ်တော် (AA) က ယမန်နေ့ ဧပြီလ ၂၆ ရက်၊ ည ၈ နာရီခန့်တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့​ကြောင်း စစ်​ကောင်စီတပ်နှင့် နီးစပ်သော မဇ္ဈိမ၏ သတင်းရင်းမြစ်ထံက သိရသည်။

ကရင်နီတပ်မတော် (KA) ၏ အပတ်စဉ် ၇၅ သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၂၇ ရက်က ကျင်းပ ပြုလုပ်ခဲ့ပြီး သစ္စာရေ တိုက်ကျွေးခြင်း၊ ချီတက် အလေးပြုခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ခရီးစဉ် အတွင်း မြန်မာရဲတပ်ဖွဲ့အတွက် ယွမ် ၅ သန်းတန်ဖိုးရှိ အကူအညီပေးအပ်ရေးစာလွှာကို နှစ်နိုင်ငံ ဝန်ကြီး များက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြောင်း စစ်ကောင်စီအာဘော် ယနေ့ထုတ် သတင်းစာတွင် ဖော်ပြ သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေသည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ အမှတ် (၁) ချစ်ကြည်ရေး တံတားကို မြန်မာဘက်အခြမ်းမှ ၇ ရက်ကြာ ပိတ်ထားရာမှ ယနေ့ နံနက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ငါးမြို့နယ်တွင် ညမထွက်ရအမိန့်ကို ပြောင်းလဲ သတ်မှတ် လိုက်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ အရေအတွက် (၅၆၀) အထိရှိလာပြီဖြစ် ကြောင်း စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အလုပ်သမားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ (MSMEs) ထုတ်ကုန်များ ပြပွဲကို နေပြည်တော်၌ ကျင်းပမည်ကြောင်း စစ်ကောင်စီပိုင် သတင်းစာ တွင် ဖော်ပြထားသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများကို ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိရန် မျှော်မှန်းထားသည်ဟု စစ်ကောင်စီ လက်အောက်ခံ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရသည်။

ကုန်ဈေးနှုန်းများ အဆမတန် မြင့်မားနေသည့် ပူတာအိုခရိုင်အ တွင်း နိုင်ငံ့ဝန်ထမ်းများ နေထိုင် စား သောက်မှု အခက်အခဲ မဖြစ်ပေါ် စေရန်အတွက် ဧပြီ ၂၆ ရက်က လေကြောင်း ခရီးဖြင့် အခြေခံစား သောက်ကုန်များ တင်ပို့ခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ ကချင်ပြည်နယ် အစိုးရအဖွဲ့က သိရ သည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံရန် Thailand-Myanmar Bussiness Council (TMBC) က စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၆ ရက်က လာရောက် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက သိရသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ဧပြီ ၂၅ ရက်၊ ညနေပိုင်းအချိန်က စစ်ကောင်စီရေတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်းနေထိုင်သူများက ပြောသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းဘေးရှိ အိမ်ခြေ ၆၀၀ နီးပါးကို ကျူးကျော် ဟုဆိုကာ စစ်တပ်နှင့် စည်ပင်က ဖယ်ရှားခိုင်းနေကြောင်း ရပ်ကွက်နေ ပြည်သူများ၏ ပြောဆို ချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

ဧပြီ ၂၇ ရက် သုံးသပ်ချက်

စစ်ကောင်စီက မြဝတီမြို့ကို အပြည့်အဝထိန်းချုပ်ရန် ဆောင်ရွက်နေသည်ဟု ပြောဆိုနေသော်လည်း တစ်ဖက်တွင် BGF မှ အသွင်ပြောင်း တပ်၏ အကူအညီ မပါဝင်ဘဲ ထိန်းချုပ်ရန်မှာ မဖြစ်နိုင်သလို သတင်းအချက်အလက်များအရ စစ်ကောင်စီ စစ်ကူစစ်ကြောင်းသည် ဒေါနတောင်ကို မကျော်ဖြစ်ပြီး မြို့ထဲတွင်လည်းစစ်ကောင်စီတပ်များ မရှိကြောင်း သိရသည်။

တရုတ်က စစ်ကောင်စီရဲတပ်ဖွဲ့ကို ယွမ်ငါးသန်း ထောက်ပံ့ခြင်းဟု ခေါင်းစဉ်တပ်ထားသော်လည်း အဓိက မြန်မာပြည်တွင်း အမြစ်တွယ်နေသည့် ကျားဖြန့်နှိမ်နင်းရေးအတွက် ငွေကြေးသုံးစွဲရန် ပေးအပ်ခြင်းဟု ဆိုရမည်ဖြစ်သည်။