ကလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ် ရမ်းသန်းပစ်၊ ဒေသခံ ၄ ဦးဒဏ်ရာရ

ပုံအညွှန်း – ကလေးမြို့ကို မြင်တွေ့ရစဥ်

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း ကာကွယ်ရေး သတင်းအရင်းမြစ်များအရ သိရသည်။

“ပျူရွာကို တိုက်နေတာပါ ၊ အခုထိတော့မသိမ်းနိုင်သေးဘူး၊ တိုက်ပွဲက ပြင်းထန်နေတဲ့ အခြေအနေပါ” ဟု သတင်းအရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ် တပ်စွဲထားသည့် ကံကြီးပျူစောထီးရွာကို ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၁ရက် ယနေ့နံနက်တွင် ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

၎င်းအပြင် အင်ဒိုင်းကုန်း နှင့် တာဟန်းဘက်တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်းသိရသော်လည်း အသေးစိတ်အခြေအနေသိရှိနိုင်ရန် မဇ္စျိမအနေအဖြင့် ဆက်သွယ်လျက်ရှိသည်။

“ဒီမနက်ကတော့ ကြမ်းတယ်ဗျ ၊ ထောက်ပို့ ၊ ဒကစ တို့ကနေ လက်နက်ကြီးနဲ့ တရစပ်ပစ်နေတယ် မနားဘူး၊ တောက်လျောက်ပစ်နေတာ သေနတ်သံတွေလည်း ကြားရတယ်” ဟု ကလေးမြို့ခံတဦးက မဇ္စျိမကို ပြောသည်။

ကလေးမြို့လေဆိပ်၌ ယနေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ် လေယာဥ်တဆင်း ဆင်းသက်ခဲ့ပြီး လွန်ခဲ့သည့် သုံးရက်က ရောက်ရှိနေသော စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ခရီးစဥ် သို့မဟုတ် လက်နက်ခဲယမ်းများလာရောက်ပို့ဆောင်ခြင်း တခုခုဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုသည်။

တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ကလေးမြို့အခြေစိုက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ လက်ပံချောင်းကျေးရွာရှိ ဒေသခံလေးဦး ဒဏ်ရာရရှိသွားကြောင်း ရွာခံထံကသိရသည်။

“အမျိုးသမီးနှစ်ဦး အဘိုးအိုတဦးနဲ့ အမျိုးသားတဦး ဒဏ်ရာရသွားတယ် ၊ ဆေးကုဖို့တော့လုပ်နေတယ်၊ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူး” ဟု ဒေသခံ ကပြောသည်။

စစ်ကောင်စီလက်နက်ကြီးသည် ၎င်းတို့ ခြံဝင်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ခြေထောက် ၊ လက်မောင်းနှင့် နဖူးတို့တွင် ကျည်စထိမှန် ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့တွင်း၌လည်း တိုက်ပွဲများဖြစ်နိုင်ခြေရှိသဖြင့် မြို့နေပြည်သူများ အပြင်မထွက်ကြရန်နှင့် နေအိမ်များအတွင်း လုံခြုံစွာနေထိုင်ကြရန် ကာကွယ်ရေးတပ်ဖွဲ့ က သတိပေးထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)