ကန့်ဘလူမြို့နယ်တွင် ၁ ရက်အတွင်း ကျေးရွာ ၂ ရွာမီးရှို့ ဖျက်ဆီးခံရ

ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများမီးရှို့ခံနေရစဥ် (ပုံအဟောင်း)

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းရှိ ပေလည်ရွာနှင့် သပြေသာလေးရွာတို့မှ နေအိမ်များ ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ပေလည်ရွာက နေအိမ် ခြောက်လုံး စပါးတိုက် လေးလုံး မီးလောင်သွားတယ်။ သပြေသာလေးရွာက ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူး “ ဟု ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူတဦးက ပြောသည်။

ယမန်နေ့ နံနက် ၇နာရီ ၂၅ မိနစ်အချိန်တွင် ပေလည်ရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် ၁၀နာရီ ၅၅ မိနစ်အချိန်တွင် သပြေသာလေးကျေးရွာ မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ကန့်ဘလူမြို့နယ် ၊ ဇီးကုန်းသကြားစက်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ထွက်ခွါလာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့်ပတ်စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရှမ်းတပ်ကျေးရွာကို ရောက်ရှိစဉ် စိတ်ကျန်းမာရေး ချို့တဲ့နေသည့် အသက် ၄၉ နှစ်အရွယ် အမျိုးသားတဦးကို နေအိမ်တခုအတွင်း၌ မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက် အမျိုးသား သုံးဦးကို ဖမ်းဆီးထားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

“ရှမ်းတပ်က တဦးလဲ မလွတ်သေးဘူးဗျ အခုသရက္ကံကြီးက ပြည်သူနှစ်ယောက် ထပ်ဖမ်းခံရတယ်လို့ သိရတယ်” ဟုအဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ကျေးရွာများအတွင်းရှိ ဒေသခံများပိုင်သည့်ပစ္စည်းများကို ယူဆောင်ခြင်းများ ပြုလုပ်ပြီးနောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းတွင် လှည့်ပတ်စစ်ကြောင်း ထိုးနေသည်မှာ ငါးရက်မြောက် ရှိနေပြီ ဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းတွင် မဲသည်ကျေးရွာအတွင်းသို့ ရောက်ရှိနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံကသိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကြောင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ ပျဥ်းတော်၊ညောင်ကိုင်း၊သရက္ကံကြီး၊ကြာဘက္ကံ၊မောင်းတိုင်၊ယော၊ ရှမ်းတပ်၊မင်းကုန်း၊ပေလည် စသည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ