စလင်းတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ရဲ ၂ ဦးသေဆုံး

စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ရဲဘော်များကိုတွေ့ရစဉ်

MTO

(မဇ္ဈိမ)။ ။မကွေးတိုင်း၊ စလင်းမြို့နယ် ၊ တညောင်စခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲ နှစ်ဦး သေဆုံးသွားကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ – စလင်းမြို့နယ် က သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၆ ရက် မနက် ၇ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် တညောင်တိုက်နယ်အတွင်း စစ်ကြောင်းထိုးရန် ရောက်ရှိလာသည့် စစ်သား၊ ရဲသား ပူးပေါင်းအင်အား ၁၀၀ ကျော် ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ ဧပြီလ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စလင်း-ပကဖ ပြန်ကြားရေးတာဝန်ခံ ကို အောင်ဆန်းက “ မိုင်းဆွဲတိုက်တိုက်ခိုက်တဲ့အချိန်မှာ နှစ်ယောက် သေတယ်။ အထိအခိုက်လည်းရှိတယ် မိုင်းဆွဲတိုက်ခိုင်အပြီး စခ ( စစ်ကောင်စီတပ်ဖွဲ့) ဘက်မှ ရမ်းသန်းပစ်ခတ်တာမျိူးတွေတော့ရှိတယ် “ ဟုပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်သွားပြီး ယင်းနေ့ ညနေပိုင်းတွင်ပင် ကျေးရွာများသို့ စစ်ကြောင်းထိုးရန် ပြန်လည်ဝင်ရောက်လာသည့် ထိုစစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်တားဆီးခဲ့ကြောင်း ကိုအောင်ဆန်းက ဆိုသည်။

ထပ်မံတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့၏ ဦးရေ တဝက်ခန့် မှာ ပြန်လည်ဆုတ်ခွာသွားပြီး ကျန်ရှိ တပ်ဖွဲ့ သည် ၂၇ ရက်နေ့ မနက်ပိုင်းတွင် တညောင် နှင့် ခုနစ်ရွာချောင် ကြားရှိ လျော်ဖြူတောတွင် ကင်းပုန်းဝပ်နေစဉ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း စလင်း- ပကဖ ထံက သိရသည်။

နှစ်ရက်ဆက် တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ သည် တညောင်စခန်းသို့ ပြန်လည်ဆုတ်ခွာ သွားသည့်အတွက် ကျေးရွာများကို စစ်ကြောင်းထိုးခြင်း မှ အကာအကွယ်ပေးနိုင်ခုဲ့ကြောင်း ကိုအောင်ဆန်းက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် စလင်းမြို့ နယ် တညောင်တိုက်နယ်အတွင်း မကြာခဏ ဆိုသလို နယ်မြေရှင်းလင်းရေးလုပ်ဆောင် သည့် ပုံစံမျိုးဖြင့် စစ်ကြောင်း ထိုးခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

“ ဒေသခံပြည်သူတွေက စစ်ကြောင်းလာရင်တော့ ခဏ ရှောင်ရတာမျိုးရှိတယ် လုံးလုံးကြီးစစ်ရှောင်ပုံစံမျိးတော့ မရှိဘူး “ ဟု ကိုအောင်ဆန်းက ပြောသည်။

စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သည်ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ ၏ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁) ကို လက်လုပ်ရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး