မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးကို စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး

ဓါတ်ပုံ-ဒေါက်တာအောင်နိုင်ဦး facebook

ဓါတ်ပုံ-ဒေါက်တာအောင်နိုင်ဦး facebook

ဂျူချန်း

(မဇ္ဈိမ)။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဟောင်း ဒေါက်တာအောင်နိုင်ဦးကို စစ်ကောင်စီမှဖမ်းဆီးသွားကြောင်း နီးစပ်သူများထံမှ သိရသည်။

ဒေါက်တာအောင်နိုင်ဦးကို ကျိုက်မရောကျေးရွာမှ စစ်ဘေးရှောင်များကို စားနပ်ရိက္ခာထောက်ပံ့ကူညီပြီး အပြန် မော်လမြိုင်စက်မှုဇုံအနီး၌ ယနေ့(ဧပြီလ ၁၀ ရက်) နံနက် ၉ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွား ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်ကောင်စီက ဧပြီလ ၈ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ၎င်းတို့တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ကျိုက်မရောသို့ စစ်ဘေးရှောင်ကူညီရန်သွားသည့် ဒေါက်တာအောင်နိုင်ဦးသည် ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်နှစ်ဦး၏နာရေးကိုသွားသည်ဟူသောသံသယဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း ၎င်းနှင့်နီးစပ်သူက ပြောသည်။

“ဒီနေ့မနက် စစ်ဘေးရှောင်တွေကိုကူပြီးအပြန်မှာ ဖမ်းခံလိုက်ရတာ။ သူတို့(စစ်ကောင်စီ)က တော်လှန် ရေးတပ်ဖွဲ့ဝင်တွေရဲ့နာရေးကိုလိုက်ပို့တယ်ထင်လို့ ဖမ်းသွားတာထင်တယ်” ဟု ဆိုသည်။

လက်ရှိတွင် ဒေါက်တာအောင်နိုင်ဦးကို စစ်ကောင်စီမှ စစ်ဆေးနေပြီး စိုးရိမ်စရာမရှိကြောင်း မိသားစုဝင် တဦးက ပြောသည်။

“ခုတော့ အေးအေးဆေးဆေး စစ်ဆေးနေပါတယ်။ စိတ်ပူစရာမရှိဘူးလို့တော့ ပြောတယ်” ဟု မိသားစုဝင် တဦးကမဇ္ဈိမကိုပြောသည်။ မည်သည့်နေရာတွင် မည်သို့အကြောင်းပြချက်ဖြင့် စစ်ဆေးနေသည်ကိုမူ ဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီ၏ ရေတပ်သင်္ဘော နှစ်စီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာမှ နေအိမ် ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့ရကာ ဒေသခံ ၈,၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်းသိရသည်။ ယင်း စစ်ဘေးရှောင် ပြည်သူများကို အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ဒေါက်တာအောင်နိုင်ဦးမှ ထောက်ပံ့ကူညီပေးခြင်း များ ဆောင်ရွက်နေခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များနှင့် ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း ရင်းနှီးသူ များက ပြောသည်။

ဒေါက်တာအောင်နိုင်ဦးသည် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ချောင်းဆုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် သုံးကြိမ်ဆက်တိုက်အနိုင်ရရှိခဲ့သူဖြစ်ပြီး မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ် ဘီလူးကျွန်းကို ဆက်သွယ်ထားသည့် သံလွင်တံတား(ချောင်းဆုံ) (ဗိုလ်ချုပ်အောင်ဆန်းတံတား)ကို တည် ဆောက်ရန် ဦးသိန်းစိန်အစိုးရလက်ထက်က လွှတ်တော်၌ အဆိုတင်သွင်းခဲ့သူလည်းဖြစ်သည်။

ဒေါက်တာအောင်နိုင်ဦးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ မွန် ညီညွတ်ရေးပါတီ(MUP) ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏အုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းမှုကို မွန်ညီညွတ်ရေးပါတီမှ လက်ခံခဲ့သဖြင့် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် MUP ဗဟိုအလုပ်မှုဆောင်မှနှုတ်ထွက်ခဲ့သည်။ ထို့နောက် မွန်အမျိုးသား ပညာရေးနှင့် လူမှုဖွံ့ဖြိုးရေးကိစ္စများကိုသာ ဆောင်ရွက်နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ