မြန်မာပြည်ပို့မည့် ဖောက်ခွဲရေးယမ်းများ မီဇိုရမ်တွင်ဖမ်းမိ

ပုံအညွှန်း - ဖောက်ခွဲရေးယမ်းများဖြင့်ဖမ်းဆီးခံရသူ (ဓါတ်ပုံ - မီဇိုရမ် ရဲတပ်ဖွဲ့)

ပုံအညွှန်း – ဖောက်ခွဲရေးယမ်းများဖြင့်ဖမ်းဆီးခံရသူ (ဓါတ်ပုံ – မီဇိုရမ် ရဲတပ်ဖွဲ့)

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်တွင် မြန်မာပြည်ဖက်သို့ ပို့ဆောင်မည့် ဖောက်ခွဲရေးယမ်း (Gelatin) နှင့် စနက်တံ (Detonator) များကို ဖမ်းဆီးရမိခဲ့ကြောင်း မီဇိုရမ် ရဲတပ်ဖွဲ့က ဧပြီလ ၃၀ရက်နေ့တွင် ထုတ်ပြန်သည်။

မီဇိုရမ်မြို့တော် အိုက်ဇောလ်မှ နှာထရယ်ခရိုင်သွားသည့် လမ်းပေါ်တွင် ကားတစီးကိုစစ်ဆေးရာ ဖာ ၄၀ အတွင်းထည့်သွင်းထားသည့် ဖောက်ခွဲရေးယမ်း ၈,၀၀၀ချောင်း နှင့် ဖာ ငါးဖာထဲတွင် စနက်တံ ၁,၅၀၀ကို ဧပြီ ၃၀ နံနက် ၄ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်သည်။

အဆိုပါကားမောင်းသူ မီဇိုရမ်ပြည်နယ်သားဖြစ်သူ ရမ်းရိုးပွီးယာ ကို ခွင့်ပြုချက် လိုင်စင်မရှိဘဲ ဖောက်ခွဲရေးပစ္စည်းများလက်ဝယ်တွေ့ရှိသဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများအက်ဥပဒေ ၁၉၀၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယင်းကားမောင်းသူကို ရဲတပ်ဖွဲ့က စစ်ဆေးရန် ၇၂နာရီထိန်းသိမ်းထားပြီး ဖောက်ခွဲရေးပစ္စည်းများပိုင်ရှင်ဟု ယူဆရသည့် မြန်မာနိုင်ငံ ၊ ထန်တလန်မြို့နယ် ၊ ဘုန်တလန် ရွာသားတဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“ဒီဖက်မှာတော့ အဲဒီ ဖောက်ခွဲရေးယမ်း (Gelatin) တွေက ပေါတယ် ၊ သူငယ်ချင်းတွေ ငါးဖမ်းသွားရင် အဲဒါနဲ့ မိုင်းခွဲခွဲနေကြတာ ၊ မိုင်းထောင်လို့လည်းရတယ် ၊ ဒါကြောင့် ဖမ်းတာနေမှာ” ဟု မီဇိုရမ်ရှိ မြန်မာပြည်သားတဦးကပြောသည်။

မီဇိုရမ်ပြည်နယ်သည် တောင်ပေါ်ပြည်နယ်ဖြစ်သောကြောင့် ကျောက်တောင်များ မိုင်းခွဲခြင်း ၊ လမ်းဖောက်ခြင်းများတွင် ဖောက်ခွဲရေးယမ်း (Gelatin)များကို လိုင်စင်ခွင့်ပြုချက်ဖြင့် တွင်တွင်ကျယ်ကျယ်အသုံးပြုနေမှုများရှိနေသည်ဟု ဆိုသည်။

မတ်လ ၁၈ရက်နေ့ကလည်း အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဇိုးခွားထားလ် မှ မြန်မာဘက်ကမ်းသို့သွားသည့် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးစီးလာသည့် ဆိုင်ကယ်အတွင်းမှ ဖောက်ခွဲရေးယမ်း (Gelatin) ၁၁၀ချောင်း နှင့် စနက်တံ (Detonator) ၁၁၀ ကို မီဇိုရမ် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သေးသည်။

ပေါက်ကွဲစေတတ်သောပစ္စည်းများလက်ဝယ်ထားရှိမှုအတွက် တရားစွဲဆိုသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများအက်ဥပဒေ ၁၉၀၈ သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ငါးနှစ်မှ ၁၄နှစ်အထိချမှတ်နိုင်ပြီး ဒဏ်ငွေများလည်း ထည့်သွင်းချမှတ်နိုင်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၃၀,၀၀၀ကျော်ခိုလှုံလျက်ရှိပြီး မီဇိုကျောင်းသားလူငယ်အဖွဲ့အစည်းများက မူးယစ်ဆေးဝါး ၊ တရားမဝင်ကုန်သွယ်မှုများနှင့် မပတ်သက်ကြရန်နှင့် အိန္ဒိယနိုင်ငံ ဥပဒေများကို လေးစားလိုက်နာကြရန် အသိပေးထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)